Showing posts with label ဖိုးစီ ပုံပြင်များ. Show all posts
Showing posts with label ဖိုးစီ ပုံပြင်များ. Show all posts

Monday, 23 December 2013

ဖိုးစီ နှင့် ဆိတ်နို့ညှစ်ခြင်း အနုပညာ

ဖိုးစီသည် အင်မတန် ကစားမက်သော ကလေးဖြစ်သည်။ ကစားစရာမရှိလျှင်လည်း  ထွေလီကာလီ ရှာကြံကာ ကစားတတ်သေးသည်။


လွန်ခဲ့သော ၂၅နှစ်တာအချိန်က မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကွန်ပျူတာဂိမ်းများ၊အင်တာနက်ဂိမ်းများ မပေါ်သေး..။ ထို့ကြောင့် ကလေးများ ကစားလျှင် ပြေးတမ်း လိုက်တမ်း၊ယောက်ျားလေးများဆိုလျှင် ဂေါ်လီလှိမ့်ခြင်း၊ အရုပ်ထောင်ပစ်ခြင်း၊ ဘောလုံးကန်ခြင်းအစရှိသော ကစားခြင်းများကိုသာ အဓိကထား ကစားကြရသည်။ သို့ရာတွင် ဖိုးစီသည် ထိုကဲ့သို့ကစားရန်မှာလည်း ငယ်သေးသည်။ တစ်နေ့ တစ်နေ့ ကစားနည်းပေါင်းစုံကို  ကစားပြီးနောက် အသစ်အဆန်းကစားနည်းများကိုကစားရန် ကြံစည်နေသည်။


ထိုကဲ့သို့ အကြံထုတ်နေချိန်တွင်  ဖိုးစီထက် ၄နှစ်ငါးနှစ်မျှ ကြီးသော ဆွေမျိုးနီးစပ် ကလေးမလေးကလည်းဖိုးစီကို စောင့်ကြည့်နေသည်။ သူတို့သည် အနီး၌ နို့များ ဖောင်းကားနေသော ဆိတ်မတစ်ကောင်ကိုတွေ့လေသည်။ ထိုအခါ သူတို့သည် ဆိတ်နို့ညှစ်တမ်းကစားမည်ဟု အကြံရကြသည်။ ထို့နောက်ခွက်ကလေးတစ်ခွက်ကို သွားယူကာ ဆိတ်နို့ညှစ်ကြရန် ကြံစည်ကြသည်။


ဆိတ်မအား ဦးခေါင်းကလေးကိုအသာပွတ်ပေးသောအခါ ဆိတ်မ လည်း ငြိမ်ကာ ပိန္နဲရွက်ကို ဝါးကာနေ၏။ ထို့နောက် ကလေးမလေးကဆိတ်မ၏  ဦးခေါငးကို ကိုင်ပေး ပွတ်ပေးထား၏။မောင်ဖိုးစီကတော့ ဆိတ်နို့ညှစ်ရန်ပြင်ဆင်လေသည်။ ရှေ့ပိုင်းမှ နို့အိမ်သည် အနည်းငယ်သေးငယ်သည်ဟု ဖိုးစီ ထင်မိသည်။ ထို့ကြောင့် နောက်ဘက်ပိုင်းမှ နို့ကိုညှစ်မည်ဟုဆိုကာ  နောက်ဘက်မှ သွား၍ ဆိတ်မ၏ နို့ကို ဆွဲလေသည်။


ထိုအခါတွင် ဆိတ်မသည် သူ၏နို့ကို တစ်စုံတစ်ဦးက ဆွဲခြင်းခံရသောကြောင့်ကြောက်လန့်ကာ ရုန်းကန် ကန်ကျောက်ပြီး ထွက်ပြေး လေသည်။  


ဆိတ်နို့ ရမရတော့မသိပါ။ ဖိုးစီလည်း ဆိတ်မ၏ ကန်ချက်ဖြင့် နို့ညှစ်ရန်ယူထားသော ခွက်နှင့်အတူ တုံးလုံးပက်လက် ကျန်ခဲ့သည်။
ထိုနေ့မှစ၍ ဖိုးစီတစ်ယောက် ဆိတ်နို့ ထပ်ညှစ်သည်ဟု အသံမကြားတော့ပါ။



အသင် မိတ်ဆွေတို့လည်း ဆိတ်နို့မည်ကဲ့သို့ ညှစ်ရမည်ကို သိလိုလျှင်မောင်ဖိုးစီအား မေးမြန်းနိုင်သည်။ ယခုအချိန်တွင် ထိုကလေးသည် ဆိတ်နို့မည်သို့ညှစ်ရမည်ကိုကောင်းကောင်းကြီး သိကောင်းသိနေပေမည်ဖြစ်သည်..။ (ဤကား စကားချပ်)

မမဝသုန်
04-06-2013
Tuesday (YGN)

Sunday, 22 December 2013

ဖိုးစီနှင့် အဝတ်လျော်ခြင်း အနုပညာ


ဖိုးစီသည် ထင်ရာ အင်မတန်လုပ်သော ကလေးတစ်ယောက်လည်းဖြစ်သေးသည်။သူအလယ်တန်းသို့ ရောက်သောအခါ မိခင်ဖြစ်သူက မိမိ အဝတ်များကို မိမိကိုယ်တိုင် လျော်တတ်စေရန်သင်ကြားပြသပေးသည်။

သို့သော်ဖိုးစီသည် ကစားခြင်း၊ ပုံဆွဲခြင်း၊သီချင်းနားထောင်ခြင်းတို့ကို မပျင်းရိသော်လည်း အဝတ်လျော်ရန်ကိုမူ မည်သို့မျှ စိတ်မရှည်ပါ။သို့သော် ဖိုးစီသည် မေမေ့ကိုလည်း ကြောက်ရပါသည်။ ထို့ကြောင့် အဝတ်မလျော်လိုသော်လည်းဖြစ်အောင် လျော်ရသည်။

ဖိုးစီ၏ အဝတ်လျော်နည်းသည် အင်မတန် အချိန်ကုန်သက်သာ၏။သူသည် ရေချိုးလျှင် အင်္ကျီကို ဝတ်၍ချိုးသည်။ ကိုယ်ကို ဆပ်ပြာတိုက်လျှင် အင်္ကျီ နှင့်ပုဆိုးကိုပါတိုက်သည်။ ထို့နောက် ရေလောင်းချလိုက်လျှင် ရေလည်းချိုးပြီး အဝတ်လည်းလျော်ပြီး ဖြစ်၏။ ဤမျှကောင်းသော အဝတ်လျှော်နည်းကို သူ ရှာဖွေ တွေ့ရှိထားသည်မှာ မကြာသေးပေ။သို့ရာတွင် ဆပ်ပြာမွှေးတုံးမှာ ဖိုးစီ ရေနှစ်ခါမျှ ချိုးလျှင် တစ်တုံးကျ  ကုန်၏။

တစ်နေ့တွင် မေမေသည် ဖိုးစီ၏ အဝတ်လျှော်ခြင်းအနုပညာကို မျက်ဝါး ထင်ထင်မြင်၏..။

ထိုအခါ ဖိုးစီလည်း မေမေ၏ တုတ်သိုင်း အနုပညာကိုမျက်ဝါးထင်ထင် ခံစားရ၏။


( မိတ်ဆွေ.. သင်တို့လည်း သီးသန့် အဝတ်လျှော်ရခြင်းအချိန်ကို Save လုပ်လိုလျှင် ဖိုးစီ ကဲ့သို့ အဝတ်လျှော်ကြပါကုန်.. သို့သော်.. မေမေ မမြင်ပါစနှင့်.. ဤကား စကားချပ် )


မမဝသုန်
8-06-2013 (YGN)

Tuesday, 6 August 2013

ဖိုးစီ နှင့် ဝက်လက်ဟင်းရည်





ဖိုးစီသည် ဟင်းချက် အင်မတန်တော်သော ကောင်လေးဖြစ်သည်။


တစ်နေ့တွင် ကြီးတော်သည် တူမ တစ်ယောက်၏ အိမ်သို့ အလည်သွားသည်။ ထိုနေ့တွင် တူမအိမ်၌နေ့လည်စာ စားရာတွင် ဝက်လက်ဟင်းရည်သောက် တစ်ပွဲ ကို ကြီးတော် ခံတွင်းတွေ့လာသည်။


ညနေအိမ်သို့ ပြန်ရောက်သောအခါ ထိုဝက်လက်ဟင်းရည် ကောင်းကြောင်းကို မကြာခဏ ထုတ်ဖော် ချီးမွမ်းလေသည်။ ထိုအခါ ဖိုးစီက ထိုကဲ့သို့ ဝက်လက်ဟင်းရည်ကို သူချက်တတ်ကြောင်း ကြီးတော်ကို ပြောမိလေသည်။


နောက်တစ်နေ့မနက် ဖိုးစီအိပ်ရာနိုးချိန်တွင် ဝက်လက်တစ်ချောင်းသည် ဖိုးစီကို အသင့်စောင့်နေပြီဖြစ်သည်။ ကြီးတော်သည် ထိုဟင်းတစ်ခွက်အတွက် သူမ၏ မီးဖိုချောင်ကို ဖိုးစီလက်ထဲသို့ အပ်လိုက်သည်။


ဖိုးစီသည် ပိုင်းဖြတ်ထားသော ဝက်လက်များကို Pressure Cooker ထဲသို့ ထည့်၏။ ထို့နောက် ပဲငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း အစရှိသော သူသိသမျှ ဟင်းခတ် အမွှေးအကြိုင်များကို ထည့်ကာ မီးဖိုပေါ်တွင် တင်ထားလိုက်လေသည်။


အချိန်အတန်ကြာပြီး၍ ဟင်းအိုးကိုဖွင့်ကြည့်သောအခါ ဟင်းရည်အရောင်သည် သူမျှော်လင့်ထားသော အရောင်မျိုးဖြစ်မနေသည်ကို တွေ့လေသည်။ အရောင်မလှနေသည့်အတွက် သူ မကျေနပ်ပါ။ ဟင်းရည်တွင် အရောင်လှ စေရန် သူစဉ်းစားသည်။ ထို့နောက် မကျည်သီးမှည့်ကို အရည်ဖျော်၍ ထည့်လိုက်ကာ ဟင်းရည်အိုးကို ထပ်တည်ထားလိုက်သည်။


ထမင်းစားချိန်တွင် ကြီးတော်သည် မျှော်လင့်ချက်ကြီးစွားဖြင့် ဖိုးစီ၏ ဝက်လက်ဟင်းရည်ကို ဦးစွာပထမ စားသုံးလေသည်။ မြည်းစမ်းကြည့်ပြီးသောအခါ ကြီးတော် သည် သူမ၏ အမှားကို ကောင်းကောင်းကြီး သိမြင်သွားပြီဖြစ်သည်။


နှမြောတတ်သော ကြီးတော်သည် ထိုဝက်လက်ဟင်းရည်ကို သွန်လည်းမသွန်ရက်၊ ပစ်လည်းမပစ်ရက်သောကြောင့် ကုန်အောင်စားလေသည်။


ထိုမှစ၍ ဖိုစီ၏ ဝက်လက်ဟင်းရည်သည် ဆွေမျိုးများအကြားတွင် နှစ်ပေါင်းအတော်ကြာ နာမည်ကြီးကာ ကျန်ခဲ့လေသည်။


ကာယကံရှင် ကြီးတော်မှာမူ ထိုဝက်လက်ဟင်းရည်ကို သူမ၏ တစ်သက်တွင် မည်သို့သော အကြောင်းနှင့်မှ မေ့တော့မည် မဟုတ်ပါ..။



မမဝသုန်
11:45:30 PM
05-08-2013
Monday (YGN)