ကြည့်လိုက်ပါ..။
မောင်ရင်ဆိုင်းထမ်း ကြယ်ကလေး နှင့် သူ၏ အနီးမဝေးတွင် အနီရောင် ကြယ်တစ်လုံးကလှလှပပ ရှိနေတယ်။ လဆန်းရက်မို့ လ ဟာတစ်ဝက်တပြက်လည်း လင်းနေတယ်။ တစ်ခြမ်းလည်း မဟုတ် သုံးချိုးတစ်ချိုးလည်း မကျ နဲ့ .။ဒါပေမယ့် ည ကတော့ သိသိသာသာ ထင်ထင်ရှားရှား လှပနေပါတယ်။
ကြယ်ဆိုတာ ဂြိုလ် တစ်စင်း ဖြစ်တယ်လို့ ပြောမှာလား။ မြင်နေရတဲ့ အနီရောင်ကြယ်ဟာ ထင်ထင် ရှားရှားရှိနေပြီး ကမ္ဘာနဲ့ အတူ နေကို လှည့်ပတ်နေတဲ့ ဂြိုလ်လို့ သိပ္ဗံ ပညာရှင်တွေကတော့ ပြောကြတာပါပဲ။ ဒါပေမယ့် ကျွန်မ အမြင်မှာတော့ သူဟာ လင်းလက်နေတဲ့ အနီရောင် ကြယ်တစ်လုံးပါပဲ။
မြို့ပြရဲ့ မီးရောင် ထိန်ထိန်တွေရဲ့ အထက်မှာ ညဟာ လှချင်သလောက် အမြင်မှာမလှနိုင်ရှာ ဘူး။ ကြယ်ရောင်တွေတောက်ပစေဖို့ လျပ်စစ်မီးရောင်တွေကို ချုပ်ငြိမ်းစေချင်သလား။ဟင့်အင်း.. ၊ စိတ်ရဲ့ စေစားမှု နောက်မှာ အရာရာဟာ မပြောင်းလဲဘဲ ပြောင်းလဲခဲ့တယ်။ ဒီလိုပဲကျွန်မ နေထိုင်လာခဲ့တဲ့ နေရာတွေမှာလည်း စစ်မှန်ခြင်းဟာ အတုအယောင် တွေရဲ့ ဖုံးကွယ်မှု အောက်မှာ မှိန်ဖျော့ခဲ့တာ ကြာနေခဲ့ပြီ။ မိုင်ထောင်ချီ ဝေးကွာနေတဲ့နေရာဒေသ တစ်ခုဆီက ရရှိခဲ့ဖူးတဲ့ အထီးကျန်ဆန်မှုမှုရဲ့ အငွေ့အသက်ကို ကျွန်မ နှစ်သက် မြတ်နိုးတဲ့ နေရာတစ်နေရာမှာပြန်လည်ရရှိနေတာကတော့ ကျွန်မ မဖြစ်ချင်ဆုံး ဆန္ဒပါပဲ။ တစ်ခါ တရံမှာ တစ်ဦးတစ်ယောက်တည်းနေပြီး အထီးကျန်ဆန်မှု ကို ရရှိခဲ့တယ်။ တစ်ခါတရံမှာ တော့ လူ အများကြားမှာနေပြီး အထီးကျန်ဆန်မှုကို ရရှိခဲ့ပြန်တယ်။ ယူသူရှိမှ ပေးသူ ရှိတယ် ဆိုပေမယ့် အထီးကျန်ဆန်စေခြင်းကို ဘယ်သူကမှ ကျွန်မကိုရရှိစေဆိုပြီး မပေး သလို ကျွန်မကလည်း မယူခဲ့ပါဘူး။ ဒါပမယ့် ခက်တာက ရရှိနေသူဟာ ကျွန်မဖြစ်နေတာ ပါ..။ ဒါဟာ လူ့ဘဝ ဆိုတာရဲ့ သဘောတရား တစ်ခုဆိုရင်တော့ ဘဝဆိုတဲ့ ကျောင်းမှာကျွန်မက အလယ်တန်းတောင် မရောက်သေးဘူး ဆိုတာ သိရှိ ခဲ့ရပြီ..။
တဆစ်ဆစ် ကိုက်ခဲ့နေတဲ့ ပုရွက်ဆိတ် တွေနဲ့ တဝီဝီနဲ့ ပျံရင်း သွေးစုပ်ဖို့ချောင်းနေတဲ့ ခြင်တွေကို ငေးကြည့်နေမိတာ အဓိပ္ဗါယ် မရှိတဲ့ အလုပ်တစ်ခုလို့ ပြောမှာလား။ပုရွက်တွေ က သူတို့ အသိုက်အမြုံကို ဖျက်ဆ်ီးမယ့်သူလို့ ထင်ပြီး အတတ်နိုင်ဆုံးကာကွယ်နေကြ သလို ခြင်တွေလည်း သူတို့ဝမ်းစာအတွက် သူတို့ ရှာဖွေနေကြတာ မဟုတ်လား။ကျွန်မ ကရော..။ ကိုယ့်အိပ်မက်တွေနဲ့ နှလုံးသားကို ပျက်စီးစေမယ့် အကြောင်းအရာတွေ၊ အတွေးတွေကို မတားဆီးနိုင်ဘူးမဟုတ်လား။
နေ့စဉ် မြင်နေကြ အမြင်တစ်ခုဟာ အနည်ငယ် တိမ်းစောင်းရုံနဲ့ ကျွန်မအတွက်သိသိသာသာ ဖြစ်စေတာကတော့ ကျွန်မ မှတ်ဥာဏ်ရဲ့ အားနည်းချက်ပဲ ဖြစ်မှာပါ။ ရံဖန်ရံခါမှာတော့အမှတ်ထင်ထင် ရှိတတ်တာတွေကို မေ့လျော့ ထားချင်ပါတယ်။ တိတ်တဆိတ်နဲ့ ကြယ်တွေကို ကြည့်ငေးနေတတ်တဲ့အချိန်တွေကို လျော့ပါးစေချင်လို့ပါ။
တကယ်လို့များ မျက်ရည်ကျခြင်းဆိုတာ ဒေါသစိတ်ကြောင့် ဖြစ်ရတယ်ဆိုရင် ကျွန်မဟာဒေါသကြီးသူ တစ်ယောက် ဖြစ်မှန်မသိ ဖြစ်နေရပြီပေါ့။ အသံတိတ် မျက်ရည်ကျနေရတဲ့ အခါပေါင်းများစွာကိုကျွန်မ ပိုင်ဆိုင်ခဲ့ဖူးတာကိုးနော်..။
ချစ်ခြင်းဟာ ဒေါသစိတ်ကို ဖြစ်စေသလား။ ဟင့်အင်း..။ တရားသဘောနဲ့တော့ မချိန်ညှိပါဘူး..။ကိုယ့်ကိုယ်ကိုယ် မပြည့်ဝသူတစ်ယောက်အဖြစ် ခံယူရင်း နားမလည်တဲ့ အကြောင်းအရာတွေကိုနားလည်အောင် ကြိုးစားပေမယ့် လိုက်မမီနိုင်တဲ့ ကျွန်မဟာ နောက်ဆုံးတော့ ကြယ်တွေကို ရေတွက်သူ ဖြစ်မှန်မသိ ဖြစ်ခဲ့တယ်..။
၁.. ၂.. ၃.. .. .. .. .. ၁၉ .. ၂၀.. ၈၈.. ၈၉ .. ၉၀… .. .. .. .. ..
နံပါတ် ၉ ကတ္တီပါဖိနပ်တစ်ရံ..
သန်စွမ်းတဲ့ ဆံပင်ဖြောင့်ဖြောင့်နက်နက်များ..
မျက်တောင် တိုတိုစင်းစင်းများ..
အိပ်စက်ခြင်းတို့ကို အပြီးတိုင် သိမ်းယူသွားခဲ့တယ်…။
ပျိုးယုဝသုန်
13-11-2013
Wednesday (YGN)
4 comments:
မမ၀သုန်ရဲ့ ကြယ်တစ်လုံးကို လာချောင်းကြည့်သွားပါတယ်
ဘလော့တွေဖတ် မရောက်တာ ကြာသွားလို့ ဒီပို့စ်လေးကို အခုမှ ဖတ်မိတယ်။ မြတ် နှစ်သက်လိုက်တာလေ။ အဲတာလေးကို မြတ်ဘလော့ရဲ့ side barမှာ လင့်ချိတ်မယ်နော် ဝသုန်။
Please also visit the blog below.
http://wunzinminraja.blogspot.sg/
ဝန်ဇင်းမင်းရာဇာ
အလည်ရောက်လာခဲ့ပါသည်
အားပေးသွားပါသည်
Post a Comment