Showing posts with label ပေါက်တတ်ကရ များ. Show all posts
Showing posts with label ပေါက်တတ်ကရ များ. Show all posts

Wednesday, 18 December 2013

သြော် .. မိန်းမ မိန်းမ (၂)



Treadmill..
ဒီ လမ်းလျောက်စက်၊ အပြေးလေ့ကျင့်စက်ကို သူမ အမြင်ကပ်လှသည်။ ဤစက်ပေါ်တွင်လမ်းလျှောက်လျှင်သော်လည်းကောင်း၊ ပြေးလျှင်သော်လည်ကောင်း အရွေ့မရှိပဲ ချွေးတွေသာ တောက်တောက်ကျ၍လျှာသာ အလျားလိုက်ထွက်လာသည်မဟုတ်လား။ သူမက အားကစားဝတ်စုံကလေးဝတ်ကာ ဦးထုတ်လေးဆောင်းပြီးလှလှပပ လေ့ကျင့်ခန်း လုပ်လိုသည်လေ။ ဒါကို သိသော မောင် သည် ညစ်ကျယ်ကျယ်စိတ်ဖြင့်ထို Treadmill ကြီးကို ဈေးကြီးပေးကာ ဝယ်လာတော့သည်။ သူ၏ အကြောင်းပြချက်ကား မိုးရွာရွာနေပူပူ မလေး လမ်းလျောက်ချင်တဲ့ အချိန် ပြေးချင်တဲ့အချိန် ပြေးနိုင်ရန် .. ဟူ၏။

၂။

ညသည် သန်းခေါင်ယံကို အတော်ပင် ကျော်လာခဲ့ပြီ။ သူမကတော့ မီးပူတိုက်ပြီးသားအဝတ်များကို ခရီးဆောင်အိတ်အတွင်း စီထည့်ကာ အရီးစဉ်တစ်လျောက် လိုအပ်မည့် ပစ္စည်းများကိုစဉ်းစားလိုက် ထည့်လိုက်နှင့် ရှိနေသည်။ သူကတော့ သူမ နဘေးတွင် ထိုင်လိုက် မှောက်လိုက်နှင့်သူ၏ ဖုန်းထဲတွင်ရှိသော game များကို တစ်ခုပြီး တစ်ခု တတီတီ တတိန်တိန် နှုင့် ကစားနေသည်။သူမ မျက်စောင်းလှည့်ထိုးသည်ကိုပင် သူက မသိချေ။ နှုတ်မှလည်း သိလား မလေးရဲ့ .. ဒီgame က ဒီလို.. ဟိုလိုနှင့် ပေါက်ပေါက်ဖောက်သလို ပြောနေ သေးသည်။ မောင်သည် တစ်ခါတရံတွင်ကလေးလေးတစ်ယောက်လိုပင်။ သူမမှာတော့ တစ်ခါမှ မခွဲစဖူး ခွဲရမည်မို့  ရင်ထဲတွင် ဆို့နင့်နင့် နှင့် ဖြစ်နေသည်။သူကတော့ မည်ကဲ့သို့မျှ ခံစားရပုံ မပေါ်ပါ။ ခရီးသွားရမည်ကို တက်ကြွနေသလိုပင်။  ပွစိပွစိ ပူညံပူညံဒဏ်မှ တစ်ပတ်တာမျှ ကင်းလွတ်ကာနား နိဗ္ဗာန် ရောက်ပြီ ဟုလည်း ထင်ကောင်းထင်နေနိုင် သည် မဟုတ်လား။  သည်လိုတွေးမိတော့ သူမ မျက်နှာက စူပုပ်ပုပ်ဖြစ်လာသည်။ ဒါကို သတိထားမိတော့ သူက သူ့ပခုံးတွင် မှီခိုစေကာ ရယ်စရာများကို ပြောပြနေသည်။ဘာပဲဖြစ်ဖြစ် သူလည်း သူမကို လွမ်းဆွတ်နေမှာပါ ဟု သူမဘာသာ သူမ ယူဆလိုက်သည်။

Tuesday, 17 December 2013

သြော် .. မိန်းမ မိန်းမ (၁)


မှန်တင်ခုံရှေ့တွင် ထိုင်လိုက်တယ်ဆိုလျှင်ပဲ ပထမဆုံးသတိထားမိသည်မှာယခင်ကထက် ပို၍ ဝိုင်းလာသော မျက်နှာဖြစ်သည်။ ယခင်က အသည်းပုံသဏ္ဍန် မျက်နှာကျသည်ideal မျက်နှာကျမျိုးတွင် ပါဝင်သည်ဆိုကာ မိတ်ကပ်ဆံပင် သင်တန်း၌ ဆံပင်ထုံးဖွဲ့လျှင်သော်လည်းကောင်း၊ မိတ်ကပ်လိမ်းခြယ်လျှင်သော် လည်းကောင်း စံပြ မျက်နှာကျ အဖြစ် အသုံးပြုခံရသော ဤမျက်နှာသည် ယခုတွင် ပါးတစ်ဖက်တစ်ချက်ဆီ၌ အပိုအသားများ ခိုတွဲလာပြီ ဖြစ်သည်။သူမ၏ စိတ်သည်  လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ကနုငယ်ပျိုမြစ် မှုတို့ ဆီသို့ ရောက်ရှိသွားသည်။


ထိုစဉ်က နက်မှောင်သော ဆံပင်ထူထူ တို့သည် သူတကာတို့ အားကျဖွယ် ဖြစ်ခဲ့သည်မဟုတ်ပါလား။ ခါးသေးရင်ချီ ပဒုမ္ဗနီဟု တင်စားခံရလောက်အောင် သူမတွင် သွယ်လျသော ခါးသိမ်သိမ်ကလေးလည်း ရှိသေးသည်။ အမျိုးသမီး၊ အမျိုးသား အားလုံးတို့၏ သမင်လည်ပြန် ပြန်ကြည့်ခြင်းကိုရရှိတိုင်း သူမက မိမိကိုယ်မိမိ ယုံကြည်မှုများ တိုးတိုးလာသည် မဟုတ်ပါလား။

Monday, 31 December 2012

အကျော်အမော် နည်းပြဆရာ





၂ရ ကြိမ်မြောက်  ဆီးဂိမ်း ပြိုင်ပွဲကြီးကို ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင် ကျင်းပနေပြီ။


ဇတ်လိုက်ကျော် မမဝသုန်လည်း နိုင်ငံ့ဂုဏ် ဆောင်နိုင်ရန်အလို့ငှာ ပြိုင်ပွဲဝင်ရန် ဆီးဂိမ်း အမီ ပြန်လာခဲ့သည်။


ရေကူး အကျော်အမော်များ ထွက်ရှိရာ ကျွန်းနိုင်ငံကြီးတွင်  နှစ်အတန်ကြာ နေခဲ့သောကြောင့် ဝင်ရောက်ယှဉ်ပြိုင်သင့်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်သည်။ ထို့ကြောင့် ၂၀၁၃ မတိုင်ခင် တစ်နှစ်တွင် ရေးကူးသင်ရန် စိတ်ကူးရမိသည်။ ထို့ကြောင့် သင်တန်းများကို စုံစမ်းရာတွင် ကလေးများအတွက်သာ ရှိနေသည်ကို တွေ့ရ၍ အတော်ကြီး စိတ်ညစ်ရ၏။ သို့ရာတွင် ကံသည် ကောင်းသည့်ဘက်တွင် ရှိသောကြောင့် ရေကူးသင်ဆရာမ တစ်ယောက်နှင့် တွေ့သည်။ သူမက နှစ်ယောက်ထဲ သီးသန့် သင်ကြားပေးသောကြောင့် မြုတ်တစ်ချီ၊ နစ်တစ်လှည့်နှင့် အတော်အတန် ကူးတတ်လာခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်တော့ ကျွမ်းကျင်အဆင့်ဟု သတ်မှတ်ပလိုက်သည်။


အသက်ကလည်း ကြီးနေပြီ ဖြစ်တာကြောင့် အခြား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော်လည်း ဆီးဂိမ်းတွင် အထူးအစီအစဉ်အဖြစ်ပါဝင်သော အလွတ်တမ်း နည်းမျိုးစုံ အလှကူး တွင်မူ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။


+++++

ပြိုင်ပွဲနေ့ ရောက်ရှိလာပြီ..။


အရှေ့တောင်အာရှမှ အသက်ကြီး အမျိုးသမီး ရေကူးဝါသနာရှင်များသည် ပြိုင်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီ။ တာလွှတ်သည်နှင့် တစ်ပြိုင်နက် ရေကူးမယ်များသည် မြှုံးမှလွတ်သော ငါးများသို့ ကူးခတ်ကြသည်။ မမဝသုန်လည်း လှပစွာ ကူးခတ်သည်။ ပရိတ်သတ်၏ လက်ခုပ်သြဘာသံသည် ဟိန်းဟိန်းမြည်၏။ ပထမတွင် ငါးကဲ့သို့ကူး၏။ ထို့နောက် ဖားကဲ့သို့ ကူး၏။ ထို့နောက်များတွင်မူ ခွေးကဲ့သို့ လည်းကောင်း၊ ကြောင်ကဲ့သို့ လည်းကောင်း၊ လိပ်ပြာကဲ့သို့ လည်းကောင်း၊ ဆင်ကဲ့သို့ လည်းကောင်း။ လိပ်ကဲ့သို့ လည်းကောင်း၊ မျောက်ကဲ့သို့ လည်းကောင်း၊ ဝက်ကဲ့သို့ လည်းကောင်း၊ ကျွဲကဲ့သို့ လည်းကောင်း၊ ကြွက်ကဲ့သို့ လည်းကောင်း၊ လှိမ့်၍လှိမ့်၍ လည်းကောင်း မီတာ ၂၀၀ ကို ၅၂ စက္ကန့်အတွင် နည်းလမ်း အစုံဆုံး၊ အလှပဆုံး ကူး၍ ပန်းဝင်ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။


အခြားနိုင်ငံများမှ ပြိုင်ပွဲဝင် ရေကူးမယ်များသည် မမဝသုန်ကို အထင်တကြီး နှုတ်ဆက်ကြသည်။ ဤကဲ့သို့ ထူးဆန်းလှသော ရေကူးနည်းများကို မည်သည့် သင်တန်းဆရာထံတွင် နည်းနာသင်ယူသနည်းဟုလည်း မေးမြန်းကြသည်။ သင်တန်း တက်လိုကြောင်းလည်း ပြောကြားကြသည်။ မမဝသုန်၏ နည်းပြကြီး ဒေါ်ဆန်နီသည် မိန့်မိန့်ကြီး ပြုံးကာ ပုတ်သင်ညိုမကြီးကဲ့သို့ ခေါင်းတစ်ညိတ်ညိတ်ဖြင့် ကျေနပ်နေသည်။ သူမ၏တပည့်ဖြစ်သူ ဆုရရှိခြင်းသည် သူမ၏ အောင်မြင်မှုပင် မဟုတ်ပါလော။


မမဝသုန်မှာမူ ဒေါသထွက်မှုများကို မြိုသိပ်လျက် ပြိုင်ဘက်များကို ပြုံပြကာ ယင်း နည်းပြဆရာမကြီးထံသို့ ခြေလှမ်းကြဲကြီးများဖြင့် အလျှင်အမြန်သွားခဲ့သည်။ သို့ရာတွင် အားပေးနှုတ်ဆက်နေသူများကြောင့် သူမထံသို့ တော်တော်နှင့် မရောက်နိုင်ပေ။ ဤသည်ကို အခွင့်ကောင်းယူကာ ဆရာမကြီးသည် ထွက်ပြေးလွတ်မြောက် သွားလေသည်။ 


သူမသည် သူမ၏ တပည့်အကြောင်းကို ကောင်းကောင်းသိကာ ဆု မရမည်ကို စိုးရိမ်လှသဖြင့် ပြိုင်ပွဲမစခင်အချိန်ကလေးတွင် တပည့်ဖြစ်သူ၏ ရေကူးအင်္ကျီ နောက်ကျောထဲသို့ ကင်းလိပ်ရှော အသေးလေးတစ်ကောင်ကို မည်သူမှ မမြင်ခင် အလျှင်အမြန် ထည့်လိုက်သောကြောင့် ဖြစ်သည်။


ထိုသတ္တဝါသည် လက်ပစ်ကူးသော် ကျောပေါ်တက်၏။ ပက်လက်ကူးသော် ဘေးကိုတိုး၏။ စောင်း၍ကူးသော် ဗိုက်ကိုကိုက်၏။ အကောင်းသေး၍ မနာကျင်ငြား အသည်းယားလှ၏။ ထိုအကောင်ကလေး၏ ကိုက်ခဲခြင်းမှ လွတ်ရန် အလျင်အမြန် ကူးရ၏။ သူသည်လည်း ရေမွန်းခြင်းကို မခံနိုင်သောကြောင့် အသက်ဘေးမှ လွတ်ရာလွတ်ကြောင်း ကြိုးစားပုံရ၏။ ပန်းဝင်သော် နောက်ကျောမှတဆင့် ကုန်းပေါ်သို့ ခုန်တက်ကာ အသက်ဘေးမှ လွတ်လေသည်။


++++

ရွှေတံဆိပ်ကြီး လည်မှာဆွဲ၍ တည်းခိုရာသို့ ပြန်ရောက်သော် အနှီ နည်းပြဆရာမကြီးသည် ထိုင်ခုံတွင် ခန့်ခန့်ကြီး ထိုင်လျက်  ဟီး ကနဲ ရယ်ပြပါတော့သည်။


မမဝသုန်