Showing posts with label ဂျာဂျာဘီ ပုံပြင်များ. Show all posts
Showing posts with label ဂျာဂျာဘီ ပုံပြင်များ. Show all posts

Tuesday, 9 April 2013

ဂျာဂျာဘီ နှုင့် သရဲရုပ်ရှင်





ဂျာဂျာဘီ သတ္တိ အလွန်ရှိသည်။
သရဲ တစေ၊ နာမ်ဝိဥာဉ်နှင့် ပတ်သက်သည့် ရုပ်ရှင်ကားများ အလွန်ဝယ်သည်။
ငယ်စဉ်က ပိုးဟပ်မြင်လျှင် ထွက်ပြေးသည်။ အသက်ကလေး ရလာတော့ တုတ်ရှည်တချောင်းနှင့် မောင်ထုတ်သည်။ ပိုးဟပ်နားသို့ ယခုချိန်ထိ မကပ်ရဲသေးပေ။။
ဟခင်က မုန့်ဖိုးပေးပါ့မယ် အိမ်စောင့်ပေးပါ လို့ အစ်မဖြစ်သူက ပြောလျှင် မုန့်ဖိုးလည်းမယူ အိမ်လည်း သွားမစောင့်နှင့် ထိုမျှ ဤမျှ သရဲတစေ ကို ချစ်သူဖြစ်သည်။
နောက်ပိုင်းအရွယ်ကလေးရောက်လာတော့ ဂုဏ်တော်များ ပွားများရင်၊ ပရိတ်ကြီးနှင့် ပဌန်းဒေသနာတော်များ ရွတ်ဖတ်ရင်း၊ ဓမ္မစကြာ တရားတော်တို့ကို ထုံမွှမ်းရင်း တစ်ဦး တစ်ယောက်တည်း အနည်းငယ် နေရဲလာသည်။


တစ်ရက်တွင် ထိုကောင်ကလေးသည် အလုပ်မှ အပြန်တွင် အိန္ဒိယတစေဇတ်လမ်းရုပ်ရှင် တစ်ကားကို ဝယ်လာသည်။ အိန္ဒိယဇတ်ကားတို့၏ ထုံးစံအတိုင်း မင်းသား၊ မင်းသမီးတို့က အလွန် ချောမောလှပကြသည်။ ညစာထမင်း စားသောက်ပြီးစီး၍ ဘုရားဝတ်ပြု ပြီးချိန်တွင် မောင်ဂျာဂျာဘီသည် ဖေဖေနှုင့် မေမေအား သူဝယ်လာသည့် ရုပ်ရှင်ဇတ်လမ်းကြည့်ရန် ပြောလေသည်။  ဖေဖေနှုင့် မေမေကလည်း ညဥ့်မနက်သေးသည်က တစ်ကြောင်း၊ သူတို့၏ သားကလေး အကြောင်းကို သိသည်က တစ်ကြောင်း တို့ကြောင့် ထိုကောင်လေး၏ ရုပ်ရှင်ဇတ်လမ်းကို သူနှင့်အတူ ထိုင်ကြည့်ပေးကြလေသည်။

Saturday, 9 March 2013

ဂျာဂျာဘီ နှင့် အပ်ချုပ်စက်





မောင်ဂျာဂျာဘီသည် ဟိုစပ်စပ် သည်စပ်စပ်နှင့် အကုန် သိချင်သော သူ ဖြစ်သည်။


တစ်နေ့တွင် မည်ကဲ့သို့ စိတ်ကူးရသည် မသိ၊ အစ်မဖြစ်သူ၏ အသုံးမပြုဘဲ သိမ်းထားသည်မှာ ကြာပြီ ဖြစ်သော အပ်ချုပ်စက်ကို စစ်ဆေးကာ ပြန်ဆင်မည်ဟု သိမ်းထားရာမှ ထုတ်ယူလာသည်။ ထို့နောက် ကပ်ညိနေသော ဖုန်များကို ရှင်းလင်းကာ စက်ကို စမ်းသည်။ သို့သော် စက်သည် မည်သို့မျှချုပ်၍ မရပါ။ ထို့ကြောင့် ဖခင်ဖြစ်သူကို အကူအညီတောင်းကာ သားအဖ နှစ်ယောက် စက်ပြင်ပွဲကို ကျင်းပကြလေသည်။


အချိန်အတော်ကြာခဲ့ပြီ။ ထိုအပ်ချုပ်စက်ကား ချုပ်၍ မရသေးပါ။ ဂျာဂျာဘီ စိတ်ညစ်သွားသည်။ ထို့ကြောင့် အစ်မဖြစ်သူ ရန်ကုန်တွင် အလုပ်လုပ်စဉ်က အတူတကွ အလုပ်လုပ်ခဲ့ဖူးသော မိန်းကလေးတစ်ယောက်ကို ဖုန်းဆက်ကာ အကူအညီတောင်းသည်။ ထိုမိန်းကလေးကလည်း သူမ၏ အလုပ်ပြီးချိန် ညနေပိုင်းတွင် အိမ်သို့ ရောက်လာသည်။ ထို့နောက် ထို အပ်ချုပ်စက်ကို ထပ်၍ ပြင်ကြပြန်သည်။ သို့သော် အပ်ချုပ်စက်ကား ခေါင်းမာလှစွာပင် ချုပ်၍မရပါ။ အချိန်အတော်ကြာ ကြိုးစားပြီးသည့်တိုင် သူတို့ပြင်၍ မရတော့သောအခါ အစ်မဖြစ်သူ ရှိစဉ်က အမြဲခေါ်ဖြစ်ခဲ့သော စက်ပြင်ဆရာကို ဖုန်းဆက်ခေါ်ကြသည်။


စက်ပြင်ဆရာ ရောက်လာသောအခါ  စက်ကို စစ်ဆေးသည်။ ထိုအခါတွင် မှားယွင်းနေသည့် အကြောင်းအရာကို စက်ပြင်ဆရာက ရှာဖွေတွေ့ရှိသွားသည်။ ၁၀မိနစ်မျှ အကြာတွင် အပ်ချုပ်စက်သည် ချုပ်၍ ရသွားပြီ ဖြစ်သည်။  ထို့နောက် ဝန်ဆောင်ခ ၄၀၀၀ ရယူကာ ပြန်သွားလေသည်။


ချုပ်၍မရသော အကြောင်းရင်းမှာကား ဂျာဂျာဘီသည် အပ်ချုပ်စက်တွင် အပ်ကို ပြောင်းပြန်တပ်ထားသောကြောင့်သာတည်း။


မောင်ဂျာဂျာဘီသည် ဤသို့ တော်သော စက်ပြင်ဆရာ တစ်ယောက်လည်းဖြစ်သည်။


တစ်ရက်တွင် အစ်မဖြစ်သူ ရန်ကုန်သို့ ရောက်လာသည်။ ထိုအခါ ဂျာဂျာဘီသည် အစ်မဖြစ်သူအား ဘောင်းဘီအရှည်၊ အတို ချုပ်နည်းကို သင်ပေးရန်ပြောလေသည်။ အစ်မဖြစ်သူလည်း သင်ပေးမည်ဟု ကတိပြုကာ သူ့အား စက်ကိုနင်းခိုင်းလေသည်။ ဤတွင် မောင်ဂျာဂျာဘီသည် အဆင်ပြေစွာ စက်ကို ဖြောင့်အောင် နင်းနိုင်နေပြီ ဖြစ်သည်။ ထို့နောက် အစ်မဖြစ်သူက လွန်းအိမ်နှင့် အပ်ချည်များကို ဖြုတ်ကာ လွန်းအိမ်ပြန်ထည့်ခြင်း၊ အပ်ချည်သွင်းခြင်းတို့ကို ပြပေးလေသည်။ မောင်ဂျာဂျာဘီလည်း လိုက်မှတ်လေသည်။


ထို့နောက်တွင် အစ်မက အပ်ချည်နှုင့် လွန်းအိမ်ကို ဖြုတ်ကာ မိမိဘာသာ ပြန်တပ်ရန် ပေးလေသည်။ အေးအေးဆေးဆေးပင် လွန်းအိမ်တပ်ခြင်း၊ အပ်ချည်သွင်းခြင်းတို့ကို မှန်ကန်စွာ ပြုလုပ်နိုင်သည်။ ထို့နောက် ချည်စမ်းသည့်အနေဖြင့် အဝတ်တစ်စပေါ်တွင် အပ်ချည်ကြောင်း တင်ကြည့်သည်။ ချည်ကြောင်းသည် မလှပပါ။ အပေါ်ချည်လျော့သည် လား အောက်ချည်တင်းသည်လားမသိ၊ အပေါ်ချည်ကြောင်း လျော့ကာ အောက်ချည်ကား ပြတ်မတတ် တင်းနေသည်။ ထို့နောက် အပေါ်ချည်ကို အရင်ညှိ၏။ ချည်ကြောင်းကာ လှမလာပါ။ ထို့နောက်အောက်ချည်ရှိရာ လွန်းအိမ်ကိုညှိပြန်သည်။ သို့သော် ထူးမလာပေ။


ဂျာဂျာဘီ စိတ်ညစ်သွားသည်။ အဘယ်ကြောင့် အပ်ချည်ကြောင်းတွေမလှသည်ကို သူရှာမရပေ။ အတန်ကြာ ကြိုးစားပြီးနောက် မရတော့သောအခါ အစ်မဖြစ်သူကို ပြောပြလေသည်။ အစ်မက သူတပ်ဆင်ထားသည်များကို စစ်ဆေးကြည့်သောအခါ လွဲချော်မှုကို တွေ့ခဲ့သည်။  ချည်များ တပ်ဆင်ထားသည်မှာ မှန်သော်လည်း ချည်အတင်း၊ အလျော့ ပြုသော ဘားကလေးအတွင်း အပ်ချည်အဖြတ်တွင် အပ်ချည်သည် ဘားအတွင်း မဝင်ဘဲ အနောက်ဘက်မှ ချော်ကာ တပ်ဆင်ထားသောကြောင့် ဖြစ်သည်။ ဤသည်မှာ မမြင်ရသော အခြေအနေတွင် ချိန်ဆ၍ တပ်ဆင်ရသောကြောင့် ဂျာဂျာဘီ၏ အမှားမဟုတ်၊ အစကနဦး သုံးသူများ မကြာခဏ ဖြစ်တတ်သော အမှားဖြစ်သည်ဟု အစ်မက ဆို၏။


ထို့နောက်တွင်မူ မောင်ဂျာဂျာဘီကလေးသည် ထိုအမှားများကို ထပ်မံ မဖြစ်တော့ပေ။ မကြာမီ အချိန်တွင် မိမိ ဝတ်ဆင်သော ဘောင်းဘီတို။ ဘောင်းဘီရှည်များကို ကိုယ်တိုင်ချုပ်ကာ ဝတ်ဆင်နိုင်တော့မည်ဖြစ်သည်။


နောင်တစ်ချိန်တွင် ဤသို့ လွဲတတ် ချော်တတ်သော အနှီမောင်ဂျာဂျာဘီသည် အဝတ်အထည်ပုံစံများကို ထုတ်လုပ် နိုင်မည့်သူ မဖြစ်နိုင်ဟု မည်သူပြောနိုင်ပါမည်နည်း။



မမဝသုန်
11:45:00PM
02-03-2013
Saturday (Taung Soon)

Wednesday, 1 August 2012

အငယ်ကောင် (သို့မဟုတ်) ချိဖ်ကွတ် ဂျာဂျာဘီ


ကျွန်မတွင် အလွန်ချစ်ရသော မောင်လေးတစ်ယောက် ရှိသည်။ နပန်းလုံးဘက်၊ မုန့်လုစားဘက်၊ ရန်ဖြစ်ဘက်လည်းဖြစ်သည်။ ငယ်စဉ်က လွန်ပိန်ညောင်သောကြောင့် သူအား ဂျာဂျာဘီ စက်ရုပ်၏အမည်ကို ယူ၍ ဂျာဂျာဘီဟု အမည်ပေးထားသည်။


ထိုမောင်ကလေးသည် အမေနှင့် အစ်မ လုပ်သမျှကို စိတ်ဝင်စားလေ့ရှိသည်။ ပြီးတော့ မေမေ့အသည်းကျော်ကလေးလည်းဖြစ်သည်။


ကျွန်မတို့မောင်နှမသည် မေမေချက်ကျွေးသမျှကို ခေါင်းမဖော်တမ်း စားသောက်တတ်ကြသူမျာလည်းးဖြစ်သည်။ ကျွန်မမိသားစု၏ အဝေးတစ်နေရာကို ရောက်နေချိန်တွင်မူ ယင်းဂျာဂျာဘီသည် မေမေ၏တိုးတိုးဖော် ဖြစ်သကဲ့သို့ ဖေဖေ၏ လက်ကသုံးတောင်ဝှေး လည်းဖြစ်သည်။ ထို့နောက်တွင်မူ မေမေ့ကို ချက်ပြုတ်ရာတွင် ကူညီရင်း ဟင်းချက်နည်းအသစ်များ မုန့်လုပ်နည်းများကိုလည်း အလုပ်မှဖြစ်စေ၊ အပြင်မှဖြစ်စေ သယ်ယူလာပြီး အိမ်တွင် မေမေနှင့်အတူ စမ်းသပ်ချက်ပြုတ် စားသောက်လေသည်။

Monday, 9 January 2012

အငယ်ကောင် (သို့မဟုတ်)သတ္တိခဲ ဂျာဂျာဘီ




နေတက်ရေတက် စနေနေ့မှာမွေးတဲ့သူမို့ ဆရာတော်ဘုရားကြီးပေးခဲ့တဲ့ ထန်းဖူးဇာတာပေါ်ကနာမည်က ထွန်းလင်းအောင်…

မေမေ က သူမရဲ့သား အငယ်လေးဆိုပြီး ပေးတဲ့နာမည်က ဇေယျာ ..

၎နှစ်ခွဲမှာကျောင်းအပ်တော့ ကျောင်းသားနာမည်ကို ဆရာမကမေးချိန်မှာ ဒင်း ဖြေတာက သားသားနာမည် စစ်အောင် တဲ့.. ဟဲ့  ..နင့်နာမည် ဘာလို့စစ်အောင်ဖြစ်ရတာလဲမေးတော့ ထိုအချိန်က ရေဒီယိုမှာအမြဲလာနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ အဆိုတော် မေဆွိ ရဲ့ “ စစ်အောင်တိုက်ပေးလို့ကွယ် ..ပြန်လာရင်တကယ် … ” ဆိုတဲ့ သီချင်းထဲက နာမည်ကိုကြိုက်လို့ ဆိုပဲ …ဒီလိုနဲ့ အတည်ဖြစ်သွားတဲ့ကျောင်းနာမည်က စစ်အောင် .. သူ့ရဲ့အလုပ်တစ်ခုထဲကခေါ်တာ ကစစ်သွေး.. အင်္ဂလိပ်ကျောင်းမှာတက်တော့ရလာတဲ့နာမည်က Jason ..နောက်ဆုံးအခုလုပ်နေတဲ့ အလုပ်ထဲကခေါ်တာကတော့ Jကြီး … ဂျာကြီး ဆိုပဲ …