Friday 14 February 2020

မှတ်စုတိုများ ၁၅


ကြယ်တွေကိုရေနေရင်း ရေနေရင်း ကြယ်တွေဟာ တလုံးပြီးတလုံး ပျောက်ပျောက် သွားခဲ့တယ်။  မိုးတိမ်ရိပ်အောက်မှာ ခိုသွားတာလား၊ တိမ်ဖြူတချို့ရဲ့ လွှမ်းခြုံမှုကို လက်ခံလိုက်တာလား မသိရပေမယ့် မတွေ့ရတော့တာ သေချာတယ်။ 

ပျောက်သွားတယ် လို့လည်း တကယ်တော့ မဆိုလိုချင်ပါဘူး။ တနေရာရာမှာ သူတို့ တလက်လက်နဲ့ တောက်ပနေမှာပါ။ ကိုယ်ငေးကြည့်နေတဲ့ မြင်ကွင်းအောက်ကသာ ပုန်ရှောင်သွားတာ ဒါမှ မဟုတ် ဖုံးကွယ်ခံလိုက်ရတာ ဖြစ်မယ်။ ဒီလို စဉ်းစားမိချိန်မှာတော့ ဝမ်းနည်းမိခြင်းဟာ အဝေးကို တရွေ့ရွေ့ လွင့်သွားတယ်။  ကိုယ်မမြင်နိုင်တဲ့ အခြား တဖက်မှာ ရှိနေနိုင်တယ်၊ လင်းလက်နေနိုင်တယ် ဆိုတဲ့ စိတ်ကလေးနဲ့ တချိန်ချိန်မှာ မြင်ရမလား ဆိုပြီး  ငေးနေမိသေးတယ်။

တမင်တကာတော့လည်း မဟုတ်ပေမယ့် အလေ့အကျင့်ဖြစ်နေတဲ့ အထုံတခုဟာ စွဲကျန်နေဆဲ ဖြစ်နေဆဲပဲ။ တကူတကလည်း သတိတရနဲ့ မငေးကြည့်ဖို့ မကြိုးစားပါဘူး။ ဖြစ်တည်နေမှု တခုကို ငေးကြည့်နေရုံပါပဲ။ 
ဒီလိုပါပဲ ..။ ကိုယ်ငေးကြည့်နေတဲ့ ကြယ်ကလေးဟာ ပေါ်လာလိုက်၊ပျောက်သွားလိုက်နဲ့..။



No comments: