Showing posts with label မှတ်စုတိုများ. Show all posts
Showing posts with label မှတ်စုတိုများ. Show all posts

Sunday, 22 March 2020

မှတ်စု - ၁၄

နေပြည်တော်ဟာ ပန်းတွေနဲ့ ဖျားယောင်းနေတယ်။ 
တနေရာရာ သွားချင်ပေမယ့် ဘယ်နေရာကိုမှ မသွားဖြစ်သူတယောက်အတွက်တော့ ဒါဟာ ဝမ်းနည်းစရာပါ။ 
တယောက်တည်း ခရီးသွားရတာ ဝန်မလေးသူတယောက်ဟာ တယောက်တည်း ခရီးထွက်ဖို့ ပင်ပန်းလာတဲ့ အခါ..။ 
ဒီလိုနဲ့ မင်းမရှိတဲ့မြို့ ဆိုတဲ့ အက်ဆေးတပုဒ် ရေးဖြစ်တယ်။ 
လစ်ဟာမှုဟာ နာကျင်အောင့်မျက်စေတယ် မဟုတ်လား။ ပဉ္စမမြောက် အခန်းဟာ သတိတရရှိခြင်းတွေနဲ့ ပြည့်နှက်နေပြန်တယ်။
နေ့ရက်တွေဟာ ပုံမှန်အတိုင်း လည်ပတ်ကုန်ဆုံးနေတာပါပဲ။ ကိုယ့်အတွက်တော့ အချို့နေရက်၊ နာရီတွေဟာ ရှည်ကြာလွန်းလှတယ်။

Saturday, 21 March 2020

အမှတ်တရ ၁၂


Redcliffe ကမ်းခြေရဲ့ သဲ ကြမ်းကြမ်းတွေပေါ်မှာ ခြေဗလာနဲ့ နင်းလျောက်ရင်း နေညိုချိန် တချို့ကို ကုန်ဆုံးခဲ့ဖူးတယ်..။
မနက်နေထွက်ချိန်မှာ အိမ်ကထွက်ပြီး အလင်းပျောက်ပြီးမှ အိမ်ပြန်ရောက်တဲ့ နေ့ရက်တွေလည်း အများကြီး ပိုင်ဆိုင်ဖူးတယ်..။
အဝေးပြေး လမ်းမကြီးပေါ်မှာ ယာဉ်ကြောပိတ်မှုကို ရင်ဆိုင်ရင်း ဆည်းဆာကို နွမ်းလျစွာနဲ့ ငေးမောခဲ့ဖူးတယ်..။
Kangaroo တွေ Wallaby တွေ ခုန်ခုန် ထွက်လာတတ်တဲ့ လမ်းတွေမှာ ဒဏ်ရာအနာတရ ဖြစ်နေတဲ့ အကောင်လေးတွေကို မြင်ရတဲ့ အခါ တိရိစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေးအသင်းကို ဖုန်းဆက်ပြီး တချို့ အကောင်လေးတွေ အသက်ကို ကာကွယ်ပေးခဲ့ဖူးတယ်..။
ခြုံတွေ တောတွေတိုးပြီး အလှပုံ ရိုက်မယ်ဆိုပြီး ရင်ဘတ်ချင်းရင်းတဲ့ သူငယ်ချင်းကလေးနဲ့ တောပန်းတောင်ပန်းတွေခူးပြီး လှလှမလှလှ ဓာတ်ပုံတွေ ရိုက်ခဲ့ဖူးတယ်..။ 
စိန်ပန်းပြာတွေ ခင်းထားတဲ့ လမ်းမှာ မနက်စောစော လမ်းထလျောက်ရင်း ကြွေကျနေတဲ့ ပွင့်ဖတ်ကလေးတွေကို နင်းဖို့ အားနာခဲ့ဖူးတယ်..။
ခြသေ့င်္တစ်ကောင်လို ရဲရင့်ဖို့ အကြောက်တရားတွေကို စိုးထိတ်မှုတွေ၊ အားငယ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတယ်..။
ဘာပဲဖြစ်ဖြစ် ဘဝရဲ့ အချိန်တချို့မှာ ရသင့်ရထိုက် တဲ့ အတွေ့အကြုံတွေ နဲ့ ရင့်ကျက်မှုတွေ ရရှိခဲ့တဲ့ အတွက် ကျေနပ်နေနိုင်ခဲ့ပါတယ်..။

Wednesday, 11 March 2020

အမှတ်တရ ၁၁

အဲ့ဒီနေ့က သစ်ပင်လေးတစ်ပင်ကို စတင်စိုက်ပျိုးခဲ့တယ်။

အစိမ်းရောင် အိုးလေးထဲက အစိမ်းရောင် အပင်လေးဟာ တနေ့ တခြား ရှင်သန်လာတာ မြင်တော့ နူးညံ့တဲ့ အရွက်ကလေးတွေကို  လက်ဖျားထိပ်ကလေးနဲ့ သာသာ တို့ထိရင်း စကားအချို့ ဆိုမိခဲ့တယ်။  ကတိစကားလည်း ဖြစ်ကောင်း ဖြစ်မယ်။ ဒါမှ မဟုတ် အခြားတခုခုလည်း ဖြစ်မှာပေါ့။

ရွက်သစ်လေးတွေ ထွက်လာတိုင်း၊ အရွက်လိပ်လေးတွေ ပြန်ကားလာဖို့ အားယူတာ မြင်ရတိုင်း ညံ့သက်တဲ့ ခံစားချက်တခုကို ရရှိတယ်။

ဒီသစ်ပင်လေးမှာ သက်တမ်းရှိသလား။ ရှိခဲ့ရင်  ဘယ်တော့ အထိ စိမ်းလန်း ရှင်သန်မှာလဲလို့ တွေးမိတိုင်း ဘယ်ဘက်ရင်ဘတ်အောက်က  စူးကနဲ အောင့်မျက်လာတယ်။ လောကရဲ့ သဘောသဘာဝတွေကို နားလည်လက်ခံထားပေမယ့် တခါတရံ  အတ္တဟာ အရောင်တွေ တလက်လက် လက်လို့ပေါ့။

အပင်လေးအတွက် လိုအပ်တဲ့ အလင်းနဲ့ အစာကို ပုံမှန်ဖြည့်တင်းရင်း ကိုယ့်ရဲ့ စိတ်အာဟာရဟာ ဘာလဲ ဆိုတာကို တဖြည်းဖြည်းနဲ့ မြင်သိလာခဲ့တယ်။  နေ့ရက်တိုင်းရဲ့ မှတ်တမ်းတခုမှာ ပါဝင်နေတဲ့ လူသားတယောက်အကြောင်းကို ကျေကျေနပ်နပ် စဉ်းစားနေလိုက်တယ်။ ဒါဟာ သတိရခြင်း ဒါမှမဟုတ် လွမ်းဆွတ်ခြင်းလို့ အမည်တပ်မယ်ဆိုလည်း တပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်ခေါင်းစဉ်အောက်ကိုမှ မထည့်ဘဲ ရှိနေတဲ့ အတိုင်းလေး ရှိနေစေတာဟာ သူ့ရဲ့ ကိုယ်ပိုင်နေရာလို့  ပေကပ် တွေးလိုက်တယ်။


စကားမစပ် .. တချို့သော ဆောင်းရက်တွေဟာ အအေးကြိုက်သူကို ချမ်းတတ်အောင် သင်ပေးခဲ့တယ်။

Friday, 14 February 2020

ကြယ်တွေပြုံးတဲ့ည

ကြယ်တွေပြုံးတဲ့ည

ကောင်းကင်တွင် လရောင် ကင်းမဲ့နေသည်။

မြို့ပြ၏ညသည် မည်သည့်အချိန်တွင်မှာမှ ပြည့်ပြည့်ဝဝ လှပရသည်ဟူ၍ မရှိပါ။ သို့သော် ချွင်းချက်အနေနဲ့ ထိုညကတော့ လှပနေသည်။ လျပ်စစ်မီးတို့ ပြတ်တောက်သွားသည့် အချိန်ကာလ တစ်ခဏတာသည် မြို့ပြတစ်ခု၏ လှပသော ညတစ်ညကို ထင်ထင်မြင်မြင် ရှိစေခဲ့သည်။

ထိုညက လမသာခဲ့ပါ။  ကြယ်ရောင်တို့သည်  မဟူရာရောင် ကတ္တီပါသားပေါ်တွင် ကြဲပက်ထားသော စိန်မှုန်စိန်ခဲများကဲ့သို့ တဖိတ်ဖိတ်လက်ကာ ဆောင်းည တစ်ညကို အလှဆင်နေကြသည်။  ချစ်ရသောသူကိုမှန်းဆ၍ ကောင်းကင်ပြင်ကို ငေးကြည့်နေရခြင်းသည် နွေးထွေးလှသော ခြုံစောင်တစ်ထည်ကို ခြုံထားရသကဲ့သို့ပင်။

ထိုညက ကြယ်တွေ မကြွေခဲ့ပါ။ ထို့ကြောင့် ဆုတောင်ခြင်းကိုလည်း မပြုခဲ့ပါ။ စိတ်နှင့်သွားသောသူနှင့် စိတ်ဖြင့်လာသောသူတို့နှစ်ဦးအတွက် ခရီးအကွာအဝေး ဆိုသည်မှာ မရှိပါ။ အရာရာ လှပသည်ဟု ထင်မြင်ခြင်းသည် နှလုံးသားတွင် ချစ်ခြင်း ကိန်းဝပ်နေသောကြောင့် မဟုတ်ပါလား..။ လှပသော ချစ်ခြင်းကို ဖန်ဆင်းယူ၍ မရနိုင်ကောင်းပါ။

ထိုညက တစ်ယောက်သောသူသည် သီချင်းဆိုနေသည်။
ထိုညက တစ်ယောက်သောသူသည် သီချင်းသံတို့ကို နားထောင်နေသည်။
နှလုံးသားဖြင့် ဆိုသော သီချင်းကို နှလုံးသာဖြင့် နားထောင်ရင်း ငြိမ်းအေးသော ချစ်ခြင်း၏ ရသကို နားလည်ခဲ့သည်..။

ချစ်ခြင်းသည် ချစ်ခြင်းအဖြစ် တည်ရှိနေခြင်းမှာ အလှဆုံး ဖြစ်သည်။




မှတ်စုတိုများ ၁၅


ကြယ်တွေကိုရေနေရင်း ရေနေရင်း ကြယ်တွေဟာ တလုံးပြီးတလုံး ပျောက်ပျောက် သွားခဲ့တယ်။  မိုးတိမ်ရိပ်အောက်မှာ ခိုသွားတာလား၊ တိမ်ဖြူတချို့ရဲ့ လွှမ်းခြုံမှုကို လက်ခံလိုက်တာလား မသိရပေမယ့် မတွေ့ရတော့တာ သေချာတယ်။ 

ပျောက်သွားတယ် လို့လည်း တကယ်တော့ မဆိုလိုချင်ပါဘူး။ တနေရာရာမှာ သူတို့ တလက်လက်နဲ့ တောက်ပနေမှာပါ။ ကိုယ်ငေးကြည့်နေတဲ့ မြင်ကွင်းအောက်ကသာ ပုန်ရှောင်သွားတာ ဒါမှ မဟုတ် ဖုံးကွယ်ခံလိုက်ရတာ ဖြစ်မယ်။ ဒီလို စဉ်းစားမိချိန်မှာတော့ ဝမ်းနည်းမိခြင်းဟာ အဝေးကို တရွေ့ရွေ့ လွင့်သွားတယ်။  ကိုယ်မမြင်နိုင်တဲ့ အခြား တဖက်မှာ ရှိနေနိုင်တယ်၊ လင်းလက်နေနိုင်တယ် ဆိုတဲ့ စိတ်ကလေးနဲ့ တချိန်ချိန်မှာ မြင်ရမလား ဆိုပြီး  ငေးနေမိသေးတယ်။

တမင်တကာတော့လည်း မဟုတ်ပေမယ့် အလေ့အကျင့်ဖြစ်နေတဲ့ အထုံတခုဟာ စွဲကျန်နေဆဲ ဖြစ်နေဆဲပဲ။ တကူတကလည်း သတိတရနဲ့ မငေးကြည့်ဖို့ မကြိုးစားပါဘူး။ ဖြစ်တည်နေမှု တခုကို ငေးကြည့်နေရုံပါပဲ။ 
ဒီလိုပါပဲ ..။ ကိုယ်ငေးကြည့်နေတဲ့ ကြယ်ကလေးဟာ ပေါ်လာလိုက်၊ပျောက်သွားလိုက်နဲ့..။