တကယ်တော့ ကိုယ့်မှာ ပိုင်ဆိုင်မှုဆိုလို့ တူရိယာ ပစ္စည်းတချို့ရယ်၊စုတ်တံတွေနဲ့ ဆေးတချို့ရယ်၊စက္ကူတချို့ရယ်၊ ကင်းဗတ်စ် တချို့ရယ်၊ ငွေကြေးအနည်းငယ်နဲ့ အတတ်ပညာတစ်ခုရယ်ပဲ ရှိတာပါ။မင်းမပါပါဘူး။
တကယ်တော့ မင်းဟာ ကိုယ်မပိုင်ဆိုင်တဲ့ ပန်းချီကားတစ်ချပ်၊ ဒါမှမဟုတ်တယောတစ်လက်ပါ။ အဲ့ဒီပန်းချီကားကို ကိုယ်ငေးနေခွင့်ရှိပေမယ့် အချိန်ပြည့် ကြည့်ရှုခွင့် မရနိုင်သလို တယောသံကို ကိုယ်နားထောင်ခွင့်ရှိပေမယ့် အချိန်တိုင်းနားဆင်ပိုင်ခွင့် မရှိပါဘူး။
ဂီတာကော့ဒ်တွေ ပြန်ကိုင်နိုင်ဖို့ လှပတယ်လို့ ပြောတာခံရတဲ့ အနည်းငယ်ရှည်လျားတဲ့ လက်သည်းတွေကိုဖြတ်လိုက်တာဟာ ကိုယ့်ရွေးချယ်မှုတစ်ခုပါ။ တစ်ခု လိုချင်ရင်တခုခုကို စွန့်ရမယ် မဟုတ်လား။ ဒါပေမယ့် တခါတရံမှာ ရွေးခြယ်မှု မှားသွားတာလည်း ရှိမှာပေါ့။ ရုတ္တိဗေဒအရမှားနိုင်ပေမယ့် စိတ္တဗေဒအရမှန်တာတွေလည်းရှိတာပဲ။ ကိုယ်ကတော့ အကောင်းမြင်ဝါဒီ တစ်ယောက်ပီပီ အရာရာကို ကောင်းတဲ့ဘက်ကပဲ မြင်ကြည့်လိုက်တယ်။ဥပမာ မင်း ဖုန်းမကိုင်တာ အိပ်ပျော်နေလို့တို့ ဘာတို့ ..။
၆ကြိုသံနဲ့ ၄ ကြိုးသံကြားမှာသွားနေတဲ့ အသံတွေကို နှစ်သက်တဲ့ ကိုယ်ဟာအဲ့ဒီ အသံတွေကို အသစ်အသစ်တွေနဲ့ အသက်ဝင်စေဖို့တော့ ပါရမီအင်အား နည်းပါး လှတယ်။ ဒီလိုနဲ့မင်းအတွက် ဖန်တီးပေးချင်တဲ့ သီချင်းတွေဟာ ကဗျာ ဖြစ်ဖြစ်သွားခဲ့ရတယ်။ တကယ်တော့ ကဗျာမှာလည်း အသံတွေ ရှိတယ် မဟုတ်လား..။
နားထောင်ခြင်းနဲ့ ပြောခြင်းမှာ နားထောင်ခြင်းကို ကိုယ်က အလိုရှိပေမယ့်ပြောခြင်းကိုသာ လက်ခံထားရတဲ့ကိုယ့်ကမ္ဘာဟာ အနည်းငယ် တိမ်းချော်မှုတွေနဲ့ ဖွဲ့စည်းတယ်။ကျဉ်းကြပ်လာတဲ့ စိတ်ရဲ့ ထွက်ပေါက်ဟာ ဝရံတာနဲ့ပြတင်းပေါက်မှာရှိတယ်ဆို မင်းပြုံးကောင်းပြုံးနိုင်ပါတယ်။ ကိုယ့် ပြတင်းပေါက်မှာချိတ်ထားတဲ့ ငှက်အိမ်ကလေးမှာ ငှက်ကလေးတွေမရှိတာ အတော်တောင်ကြာပြီပဲ။
စကားမစပ်ပေါ့..။ ကိုယ် သံစဉ်လေးတွေရှာထားတယ်..။ တနေ့နေ့ အချိန်ရရင်ဖြစ်ဖြစ်၊နားထောင်ချင်ရင်ဖြစ်ဖြစ် ကိုယ့်ကို လက်တို့လိုက်ပါ။ သီချင်းတစ်ပုဒ် မဟုတ်ရင်တောင်ကဗျာတစ်ပုဒ်တော့ မင်းနားထောင်ရမှာပေါ့..။ စိတ်နဲ့ ဆိုတဲ့ သီချင်း ဆိုတော့ စိတ်နဲ့နားထောင်ဖို့တော့လိုလိမ့်မယ်။
တကယ်တော့ ကိုယ်က စိတ္တဇနာမ်တွေကို ဖက်တွယ်ထားသူပါ..။
ဥပမာ .. သတိရခြင်း..
ပျိုးယုဝသုန်
2 comments:
ဝသုန်ရေ... စကားလုံးရှရှလေးတွေ သုံးသွားတော့ ကြိုးစားပမ်းစား စကားပြေ ပြန်ဖြည်ပြီး ဖတ်သွားတယ်...
ကလေးကဗျာလေးတွေ ရေးပါဦး
Post a Comment