အဲ့ဒီနေ့က သစ်ပင်လေးတစ်ပင်ကို စတင်စိုက်ပျိုးခဲ့တယ်။
အစိမ်းရောင် အိုးလေးထဲက အစိမ်းရောင် အပင်လေးဟာ တနေ့ တခြား ရှင်သန်လာတာ
မြင်တော့ နူးညံ့တဲ့ အရွက်ကလေးတွေကို
လက်ဖျားထိပ်ကလေးနဲ့ သာသာ တို့ထိရင်း စကားအချို့ ဆိုမိခဲ့တယ်။ ကတိစကားလည်း ဖြစ်ကောင်း ဖြစ်မယ်။ ဒါမှ မဟုတ်
အခြားတခုခုလည်း ဖြစ်မှာပေါ့။
ရွက်သစ်လေးတွေ ထွက်လာတိုင်း၊ အရွက်လိပ်လေးတွေ ပြန်ကားလာဖို့ အားယူတာ
မြင်ရတိုင်း ညံ့သက်တဲ့ ခံစားချက်တခုကို ရရှိတယ်။
ဒီသစ်ပင်လေးမှာ သက်တမ်းရှိသလား။ ရှိခဲ့ရင် ဘယ်တော့ အထိ စိမ်းလန်း ရှင်သန်မှာလဲလို့ တွေးမိတိုင်း ဘယ်ဘက်ရင်ဘတ်အောက်က စူးကနဲ အောင့်မျက်လာတယ်။ လောကရဲ့ သဘောသဘာဝတွေကို
နားလည်လက်ခံထားပေမယ့် တခါတရံ အတ္တဟာ အရောင်တွေ
တလက်လက် လက်လို့ပေါ့။
အပင်လေးအတွက် လိုအပ်တဲ့ အလင်းနဲ့ အစာကို ပုံမှန်ဖြည့်တင်းရင်း ကိုယ့်ရဲ့
စိတ်အာဟာရဟာ ဘာလဲ ဆိုတာကို တဖြည်းဖြည်းနဲ့ မြင်သိလာခဲ့တယ်။ နေ့ရက်တိုင်းရဲ့ မှတ်တမ်းတခုမှာ ပါဝင်နေတဲ့
လူသားတယောက်အကြောင်းကို ကျေကျေနပ်နပ် စဉ်းစားနေလိုက်တယ်။ ဒါဟာ သတိရခြင်း ဒါမှမဟုတ်
လွမ်းဆွတ်ခြင်းလို့ အမည်တပ်မယ်ဆိုလည်း တပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်ခေါင်းစဉ်အောက်ကိုမှ
မထည့်ဘဲ ရှိနေတဲ့ အတိုင်းလေး ရှိနေစေတာဟာ သူ့ရဲ့ ကိုယ်ပိုင်နေရာလို့ ပေကပ် တွေးလိုက်တယ်။
စကားမစပ် .. တချို့သော ဆောင်းရက်တွေဟာ အအေးကြိုက်သူကို ချမ်းတတ်အောင်
သင်ပေးခဲ့တယ်။
1 comment:
အပင်စိုက်တိုင်း မရှင်လို့စိတ်တွေညစ် ခုတော့ စံပယ်တစ်အိုးနဲ့ နဂါးစပ်ဂမုန်းတော့ရှိနေသေးတယ် ပြုစုရမယ်....။
မိုးငွေ့
Post a Comment