Monday, 23 September 2013

ကံကြမ္မာအကြောင်း စကားစမြည်




ကျွန်မတို့သည် ကံကြမ္မာ၏ ဆွဲခေါ်ရာကို လိုက်ချင်ချင် မလိုက်ချင်ချင် လိုက်နေကြရသည်။ ကံကြမ္မာသည် မည်သူဖြစ်သနည်း ဟု စဉ်းစားကြည့်သော် ကျေနပ်လောက်သာ အဖြေသည် ထွက်မလာပါ။ ကံကြမ္မာကို မည်သူ ဖန်တီးသနည်းဟု သတ္တုချသော်မှ ကျွန်မတို့သည်ပင် ကျွန်မတို့၏ ကံကြမ္မာကို ဖန်တီးကြသော သူများဖြစ်ကြောင်း သိရှိခဲ့ရသည်။ တကယ်တော့ ကံကြမ္မာဆိုသည်မှာ ကျွန်မတို့ ပြုခဲ့သော အမှုတို့၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အကြောင်းအရာ နှုင့် အကျိုးဆက်များပင် မဟုတ်ပါလား..။ ထိုအချင်းအရာတို့အတွက် ကျွန်မတို့တွင် ဆင်ခြေဆင်လက် ပေးခွင့်မရှိပါ။ အကြောင်းပြခွင့် မရှိပါ။ အရေးဆိုခွင့်မရှိပါ။ အခွင့်ထူးခံခွင့် မရှိပါ။ သက်ရောက်မှုတိုင်းအတွက် ရရှိလာသော တန်ပြန်သက်ရောက်မှုများကို ကျွန်မတို့ ငြင်းပယ်ပိုင်ခွင့်မရှိပါ။

ရံဖန်ရံခါတွင် မရည်ရွယ်သော အမှားများကို ကျွန်မတို့ ပြုမိခဲ့ကြသည်ဆို၏။ ရံဖန်ရံခါတွင် မှားမှန်းသိသိနှင့် ပြင်ဆင်လိုစိတ်မရှိပဲ ရှေ့တိုးတတ်ခဲ့ခြင်းများလည်းရှိခဲ့တတ်ကြသည် ဆိုပြန်၏။ ရံဖန်ရံခါ အမှန်ဟု ယုံကြည်ထားခြင်းများသည် မှားယွင်းမှုများ ဖြစ်နေတတ်သကဲ့သို့ မှားယွင်းသည်ဟု ထင်မှတ်ထားသည်များကလည်း မှန်ကန်သော လုပ်ဆောင်မှုများ ဖြစ်နေတတ်ကြသည်ဟု ဆိုကြပြန်သည်။  မှားခြင်း မှန်ခြင်း ဆိုသော ပညတ်ချက်များကို မည်ကဲ့သို့သော အရာများဖြင့် တိုင်းတာကြပါသနည်း။ တိုင်းတာရန် အတိုင်းအတာသည် မှန်ကန်ပါရဲ့လား။

ကျွန်မတို့ တစ်ဦးတစ်ယောက်တိုင်းစီတွင် ကိုယ်ပိုင် စံ သတ်မှတ်ချက်များ ရှိကြသည်။ ထိုအချက်များသည် တစ်ဦးနှင့်တစ်ဦး မည်သို့မျှ ထပ်တူညီအောင် တူညီနိုင်ခြင်း မရှိကြပါ။ တိုအခါတွင် မည်သူသည် မှား၍ မည်သူသည် မှန်သည်ဟု သတ်မှတ်မည်နည်း။

လူတစ်ဦးသည် ဤတစ်ဦအပေါ်တွင် ကျေးဇူးမသိသူ ဖြစ်နေသော်လည်း အခြားတစ်ဦးအပေါ်တွင် ကျေးဇူးပြုသူ ဖြစ်နေနိုင်သည် မဟုတ်ပါလား။ ထိုသူကို မည်ကဲ့သို့သတ်မှတ်မည်နည်း။ သူသည် တစ်ချိန်တည်းမှာပင် သစ္စာမရှိသူဖြစ်နေသကဲ့သို့ သစ္စာစောင့်သိသူလည်း ဖြစ်နေသည်မဟုတ်ပါလား။ အရာရာသည် ကံသေကံမ သတ်မှတ်၍ မရနိုင်..။

ကျွန်မတို့၏ ကံကြမ္မာကို ပြုပြင်နိုင်သူသည် ကျွန်မတို့မှလွဲ၍ မည်သူမျှ မဖြစ်နိုင်ပါ။ မိမိ၏ ကံကြမ္မာ မလှပခြင်းသည် မိမိ၏အတိတ်ကပြုခဲ့သော ကံအကြောင်းကြောင့်သာဖြစ်သည်။ အတိတ်သည် ဘဝ ဘဝေ ကဖြစ်နိုင်သကဲ့သို့ မနေ့က သို့မဟုတ် လွန်ခဲ့သော စက္ကန့်အနည်းငယ်ကလည်း ဖြစ်နိုင်သည်။ ထို့အပြင် လွန်ခဲ့ပြီးသော ကာလများကလည်း ဖြစ်နေသည် မဟုတ်ပါလား။ ဤအကြောင်းအရာသည် လူတိုင်းသိရှိပြီးဖြစ်သော်လည်း မလှပသော ကံကြမ္မာ တစ်ခုခု နောက်သို့ လိုက်ပါရလျှင် တပါးသောသူအပေါ် ပြစ်တင်ပုံချ လိုတတ်ကြသည်။ ဤ သည်မှာလည်း ကျွန်မတို့၏ လူ့သဘောသဘာဝသာ ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ချစ်သောကြောင့်ဖြစ်သည်သာ။

လှပသော ကံကြမ္မာသည် ကျွန်မတို့၏ လက်ထဲတွင်ရှိသကဲ့သို့ အကျည်းတန်သော ကံကြမ္မာသည်လည်း ကျွန်မတို၏ လက်တစ်ကမ်းတွင်ပင်ရှိသည်။  မည်သို့သော ကံကြမ္မာကို ကျွန်မတို့ နှစ်လိုကြသနည်း။ မိမိနှစ်လိုသော အရာကို မိမိရွေးချယ်ရသကဲ့သို့ မိမိနှစ်သက်သည့်အရာကိုလည်း သူတပါးအား ပေးရာ၏။

တခါတရံတွင် ကံတရားသည် လေပြည်လေညှင်းနှင့်တူသကဲ့သို့ ရံဖန်ရံခါတွင် အပြင်းနှင်နေသော မိုးသက်မုန်တိုင်းနှင့်တူသည်။ ထိုကဲ့သို့ မိုးသက်မုန်တိုင်းနှင့် ရောပါမသွားစေနိုင်ရင် ကျွန်မတို့၏ စိတ်ရာသီဥတု သမမျှတာရန်လိုသည် မဟုတ်ပါလား..။

ဘဝဟူသည့် အချိန်တို တစ်ခဏလေး အတွင်းတွင် အေးချမ်းရာနေရာသည် ကျွန်မတို့၏ စိတ်နှလုံးထဲမှလွဲ၍ အခြားတပါးသော နေရာတွင် မည်သို့သော အကြောင်းနှင့်မျှ ရှိမနေနိုင်ပေ။

ကံကြမ္မာသည် မလှည့်စားတတ်ပါ..။ ကျွန်မတို့ကသာ လှည့်စားတတ်ခြင်း မဟုတ်ပါလား။

PYWT
22-09-2013
Sunday (YGN)

Tuesday, 17 September 2013

မထိုက်တဲ့ ပန်း




ပန်ဆင်မယ် ရွယ်ရည်စူး
ခူးခဲ့တဲ့ ပန်းတစ်ငုံ
ရနံ့ထုံကြိုင်လှိုင်သင်း
ရှင်းသန့်ပြည့်စုံ
ပြောမယုံ
ကြုံလေမှ ရင်နာခဲ့
သည်ပန်းမှာ ရနံ့ထူးပေမယ့်
အဆိပ်သင့်နေခဲ့ ..။


ပျိုးယုဝသုန်
12-09-2013
Thursday (YGN)

Thursday, 5 September 2013

ရှက်ပြုံး




ရှောင်မပြေး

မောင်မေးလို့ဖြေပါ့မယ်

မြကြာစွယ် နွယ်ကတည်းက

စွဲပါလှတယ်...

မေးပါနဲ့ဟယ်

မျက်ကွယ်မို့ ရှက်ပြုံး

မောင့်ရင်ခွင် သည်ပခုံးမှ

ပုန်းပါရစေဦး..



ပျိုးယုဝသုန်
10:22:00 PM
02-09-2013
Monday ( YGN )

Sunday, 1 September 2013

မောဟမြို့သားများ




ရာဂရဲ့တော

မောဟမြို့စွန်

ရက်လွန်အသိ

မရှိမျက်မြင်

နွယ်ခင်ညိယှက်

အမျက်ပုန်ခို

ဝှက်သိုဒေါသ

ထိုလောဘနောက်

ကောက်ကောက်လိုက်ပါ

လိုရာကိုရွေး

ရမက်တေးဆို

နှစ်လိုဆယ်ပါး

ထိုတရားထဲ

နစ်မြဲနစ်လို့နေခဲ့တယ်..။



ပျိုးယုဝသုန်
1-9-2013
Sunday ( YGN )

Monday, 19 August 2013

မရွာတဲ့မိုး

ရွာရန်ဆင်
ဟန်ပြင်တဲ့ သည်မိုး
လာနိုးငယ်မျှော်ကာကိုးပေမင့်
ညှိုးရင့်တဲ့ မိုး..။


မာန်ဝင့်လို့ သူဟန်ဆင်
တိမ်ရိပ်တွင် မင်ရည်သွင်း
ခင်းတဲ့သွင်ပြင်..။


မြောက်လေနှင်
တိမ်ခင် လွင့်ပြယ်ဆင်း...


ပယင်းရောင် သူလေကင်းပြီကွယ့်
ညှိုးပင့်ခြေရင်း..။



ပျိုးယုဝသုန်
5:52:33 PM
04-06-2013
Tuesday ( YGN )


Sunday, 11 August 2013

ရင်ခွင်အိမ်





၁။


ညနေခင်းသည် ပင်ပန်းနွမ်းနယ်နေသော မြို့ပြကို လေပြေတို့နှင့် ချွေးသိပ်နေသည်။ တစ်နေ့တာလုံး မာန်မာနကြီးကြီးနှင့် ဝင့်ကြွားခဲ့သော နေမင်းသည် ပူလောင်စေခြင်းတို့ကို ရုပ်သိမ်းကာ ညနေခင်းအချိန်ကလေးကို လှသည်ထက်လှအောင် အလှဆင်လျက်ရှိသည်။


ကောင်းကင်သည် အပြာရင့်ရောင်ဝတ်ရုံကို ခြုံကာ တောက်ပလျက်ရှိသည်။ အစိမ်းရောင် ကန်ရေပြင်သည် ကောင်းကင်မှ ဖြာကျလာသော အရောင်နှင့် ပိုမိုလင်းလက်ကာ လှပ နေသည်။ ရံဖန်ရံခါ ဖြတ်တိုက်လာသော လေပြည်တို့ကြောင့် ဖြစ်လာသည့် လှိုင်းကြက်ခွပ် ကလေးများသည် ကန်ရေပြင်ကို ဘော်သားငွေရောင်တောက်ကာ တဖြတ်ဖြတ် လက်နေစေသည်။


ကန်ဘောင်တစ်လျောက်တွင် လမ်းလျောက်နေသူများ၊ အပန်းဖြေနားနေနေသူများ၊ လက်ခြင်းတွယ်ချိတ်ကာညင်ညင်သာသာလျောက်လှမ်းနေကြသော ချစ်သူစုံတွဲများ၊ စွန်လွှတ်နေကြသော လူငယ်ကလေးများ၊ ပြေးလွှားနေသော ကလေးသူငယ်များ နှင့် စည်ကားလျက်ရှိသည်။ ကျွန်မကဲ့သို့ တစ်နေရာထဲတွင် ငြိမ်သက်စွာထိုင်ရင် အမြင်ရောက်ရာကို စူးစိုက်ကာ ကြည့်နေသော သူများလည်း ရှိကောင်းရှိနေနိုင်ပါသည်။


လိမ္မော်ရောင်ရင့်ရင့် နေမင်းသည် ကန်ရေပြင်တွင်မေးတင်ကာ နေ့တစ်နေ့ကို နှုတ်ဆက်ရန် ပြင်ဆင်နေပြီ။ မကြာမီအချိန်တွင် သူသည် ကန်ရေပြင်အတွင်းသို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်ပေတော့မည်။ သူ၏ ယနေ့အတွက် နှုတ်ဆက်ခြင်းသည် မနက်ဖြန်ကို နှုတ်ခွန်းဆင့်ရန်မဟုတ်ပါလား။


နေရောင်မရှိတော့သော ညနေခင်းသည် လက်ကျန်အလင်းရောင်များဖြင့် လှပနေသေးသည်။ အိပ်တန်းတက်ရန် အချိန်တန်ပြီဟု ဘာသာဘာဝ နားလည်ကြသော ငှက်ကျေးတို့သည် အိမ်ပြန်ရန် ပြင်ဆင်နေကြပြီ။ ကျွန်မတွင်ရော ပြန်ရန်အိမ် ရှိပါသလား။  နွေးထွေးသော ရင်ခွင်တစ်ခုကို အိမ်အဖြစ် သတ်မှတ်၍ ရမည်ဆိုလျှင် နှစ်သက်မြတ်နိုး စရာ အိမ်ကလေး ကျွန်မမှာ ရှိခဲ့ပါသည်။



၂။


အဲ့ဒီညက ကြယ်တွေ မငိုပါဘူး..၊
အဲ့ဒီညက လေတွေမထန်ပါဘူး..၊
ပြီးတော့ အဲ့ဒီညက တိမ်တွေ မပြိုခဲ့ပါဘူး..။


သူ့ကိုချစ်သော ချစ်ခြင်းသည် မြတ်နိုးခြင်းမှ အစပြုသည်။ ထို့နောက်တွင် အားကိုးခြင်း၊ တပ်မက်ခြင်း နှုင့် ဝန်တိုခြင်း အစရှိသည်တို့ အသီးသီး ထပ်မံပါဝင်လာသည်။  ထူးဆန်းသော ခံစားမှုနှင့် ဆန္ဒများသည် သူနှင့်စတင်ရင်းနှီးချိန်တွင် ဖြစ်ပေါ်လာခဲ့သည်။ သူ၏မျက်တောင် စင်းစင်းများကို ချစ်သည်။  သူ၏ မကျေမနပ်နှင့်ပေစောင်းစောင်း အကြည့်တို့ကို မကြာခဏမြင်ယောင်မိတိုင်း ပြုံးရယ်မိခြင်းသည် ချစ်ခြင်းမှလွဲ၍ တခြားတစ်ပါးသော အကြောင်းအရာ ဖြစ်နိုင်မည် မထင်ပါ။


လူတစ်ဦးတစ်ယောက်ကို ချစ်မြတ်နိုးမိလျှင် မြင်တွေ့ကြားသိရသမျှသော သူ၏ အကြောင်းအရာသည် အပြစ်တစ်ခု ဖြစ်သည်ဟု တွေးထင်ကြည့်၍ပင် မရပါ။  သူ့အနောက်တွင် သူ့အရိပ်ကိုခို၍ လျောက်လှမ်းရသည်ကို နှစ်သက်သည်။ သူမိုးပေးသော ထီးအောက်တွင် သူ၏ အင်္ကျီစများကို ဆွဲကိုင်ရင်း လိုက်ပါရသည်ကို မြတ်နိုးသည်။ သူဖျော်တိုက်သော ကော်ဖီတစ်ခွက်သည် နတ်သုဒ္ဒါတစ်ခွက်နှင့် မလဲနိုင်သကဲ့သို့ သူချက်ကျွေးသော ဟင်းတစ်ခွက်သည် အလုံးစုံသော အာဟာရကို ဖြစ်စေသည်ဟု စိတ်တွင် ထင်မှတ်မိသည်။


ရံဖန်ရံခါတွင် သူ၏နဘေးတွင် တိတ်တဆိတ်ထိုင်နေရင်း သူ၏ လှုပ်ရှားမှုတို့ကို လိုက်လံ ငေးမောနေရသည်ကို ကျွန်မနှစ်သက်သည်။ ကျွန်မသည် အလိုက်ကောင်းဆိုး မသိသော၊ သူ၏အပြောအရ အထူအပါး နားမလည်သော ခပ်ထူထူ မိန်းမတစ်ယောက် ဖြစ်ကောင်း ဖြစ်နေပါမည်။ သို့သော် သူ့အပေါ် ထားရှိသော ကျွန်မ၏ ချစ်ခြင်းတို့ကိုမူ သူ သေချာစွာ မြင်နိုင်ပါသည်။


ချစ်သူအပေါ်ထားရှိမိသော ချစ်ခြင်းတွင် ဟန်ဆောင်ခြင်း ဖုံးကွယ်ခြင်းမရှိပါ၊ လိမ်ညာ လှည့်ဖျားခြင်း မရှိပါ၊ ပရိယာယ် မာယာမရှိပါ။ မြှူဆွယ်သိမ်းသွင်းခြင်း မရှိပါ။ နှိုင်းယှဉ်ခြင်း မရှိပါ။ ပြစ်တင်ပြောဆိုခြင်း မရှိပါ။ ပကတိစိတ် အရင်းခံကို ကောင်းကောင်း ထိုးထွင်း မြင်နိုင်မည်သာ..။


သူကျွန်မကို ချစ်သလား၊ မချစ်ဘူးလား ကျွန်မ မေးမကြည့်ဖူးပါ။ စကားလုံးများနှင့် ပြောပြစရာမလိုသော စိတ်ခံစားမှုတစ်ခုကို သူ့ထံတွင် မြင်တွေ့ခဲ့ရသည်။ မိန်းမတစ်ယောက်၏ မာန်မာန အမြင့်ဆုံးအချိန်သည် သူမချစ်မြတ်နိုးရသောသူက သူမကို ချစ်မြတ်နိုးနေသည်ဟု ယုံကြည်နေသော အချိန်များပင်ဖြစ်သည် မဟုတ်ပါလား။ ကျွန်မ မာန်မာနတွေနှုင့် ဝင့်ကြွားနေခဲ့ဖူးပါသည်။


ကျွန်မသူ့ကိုချစ်သောချစ်ခြင်းတွင် မောင်ငယ်ကလေးတစ်ယောက်ကိုချစ်သော  အလိုလိုက်လိုသည့် ချစ်ခြင်းလည်း ပါသည်။ အစ်ကိုတစ်ယောက်လိုအားကိုးသော ချစ်ခြင်းလည်းပါရှိသည်။ မိတ်ဆွေ တစ်ယောက်ကဲ့သို့ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နှင့် အရာရာ ဝေမျှနားလည်လိုသော ချစ်ခြင်းလည်းပါသည်။ ဘဝလက်တွဲဖော်တစ်ယောက် ကဲ့သို့ အလုံးစုံသော ယုံကြည်မှုနှင့် ချစ်ခြင်းလည်း ပါရှိသည်။ ဖျောက်ဖျက်မရနိုင်သော ပုံရိပ်သည် မည်သည့်အချိန်က စွဲထင်နေသည်ကို မသိရှိခဲ့သ်ာလည်း သိရှိနားလည် လာသော အချိန်တွင် နက်ရှိုင်းသော စိတ်အခြေတွင် အမြစ်တွယ်နေခဲ့ပြီးဖြစ်သည်။


၃။


တိတ်တဆိတ်ငြိမ်သက်နေသော အခန်းတစ်ခုသည် ခြောက်ခြားစရာကောင်းလှသည်။ သူရှိမနေဘူးဆိုသော အသိကို တစ်ခဏကလေးမျှပင် မခံစားနိုင်ပါ။ ဝေးကွာခြင်း ဆိုသည်ကို လက်တွေ့တွင်မဆိုနှင့် အတွေးအဖြစ် သို့မဟုတ် စကားအဖြင်နှင့် ကြားရလျှင်ပင် အရိုးအရေတို့ ကျိုးကြေသွားအောင် ထုရိုက်ခံရသကဲ့သို့ ခံစားရသည်။ သို့သော် သူသည် ကျွန်မ၏နဘေးနားတွင် အမြဲတစေ ရှိနေရမည်ဟု ကျွန်မ မပညတ်လိုပါ။ သူ့တွင် မိတ်ဆွေသူငယ်ချင်းများနှင့် သွားလာလည်ပတ်လိုသော စိတ်လည်း ရှိနိုင်သည် မဟုတ်လား။  


တရှပ်ရှပ်နှင့် ကြားနေရသော အသံသည် သူ၏ခြေသံ ဖြစ်ပါစေဟု တိတ်တခိုး မျှော်လင့် မိသည်။ သို့သော် ထိုအရာတို့မှာ ဝေဝေဝါးဝါးနှင့် အိပ်မက်များသာ။ အချိန်တိုင်း သူ၏ အနားတွင် ရှိနေချင်ခြင်းသည် ချစ်ခြင်းတစ်ခု ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် ချစ်ခြင်းတစ်ခု ကြောင့် ရှိနေချင်ခြင်း ဖြစ်သည်မှာ သေချာလှသည်။ 


ပါးပြင်ပေါ်မှ နွေးထွေးသော အတွေ့တစ်ခုသည် အစစ်အမှန်ဟုတ်ပါရဲ့လား။ မျက်လုံးများဖွင့်ကြည့်ချိန်တွင် ရုပ်ချည်းပျောက်ကွယ်သွားသည်။ သူနှင့် ပတ်သက်လျှင် မည်ကဲ့သို့ နာကျင်ခြင်းကိုမျှ မခံစားလိုခြင်းသည် ကျွန်မ၏ အတ္တစိတ်တစ်ခုသာ။


မည်သို့ပင်ဖြစ်စေ သူသည် ကျွန်မကိုယ်တိုင် ရေးခြယ်ခဲ့သော ပန်ချီကားတစ်ချပ် ကဲ့သို့သာဖြစ်သည်။ တောက်ပသော ကားချပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သကဲ့သို့ မှိန်ဖျော့သော ကားချပ်တစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျွန်မ၏ နှလုံးသွေးဖြင့် ရေးခြယ်ခဲ့ခြင်းဖြစ်သောကြောင့်  မြတ်နိုးဖွယ် အတိသာ ဖြစ်သည်။


ရံဖန်ရံခါတွင် သူသည် ကျွန်မအနားမှထွက်သွားရန် ပြင်ဆင်နေပုံရသည်။ ထိုအခါမျိုးတွင် တိတ်တဆိတ် နာကျင်ဝမ်းနည်းနေရုံမှတစ်ပါး ကျွန်မဘာမှ မတတ်နိုင်ပါ။ သူမရှိဘဲ နေနိုင်သလား ဟူသော အမေးတွင် ကျွန်မ၏ အဖြေသည် “မနေနိုင်ပါ” ဟူသည့် ရိုးရှင်းသည့် အဖြေ တစ်ခုသာဖြစ်သည်။ ထို အဖြေစကားအတွက် ရှက်ကြောက်စရာ မလိုဟု ကျွန်မ ယုံကြည်သည်။ ကိုယ့်ချစ်သူအပေါ်တွင် ရိုးရှင်းသော ဆန္ဒတစ်ခု ထုတ်ဖော်ပြောပြခွင့် မိန်းမတစ်ယောက်တွင် ရှိသင့်သည်မဟုတ်ပါလား။ ဂုဏ်၊ သိက္ခာ နှင့် အခြားသော အပေါ်ယံ အကြောင်းအရာများဖုံးလွှမ်း၍ ဘောင်အတွင်းသို့ သွတ်သွင်း ထားသော အယူအဆများဖြင့် ပြောဆိုရသည်ကို ကျွန်မ မနှစ်သက်ပါ။ အထူးသဖြင့် မိမိ ချစ်မြတ်နိုးသူအပေါ် ရိုးရှင်းစွာ ပွင့်လင်းစွာ ပြောဆိုသင့်သည် မဟုတ်ပါလား။ ဤကဲ့သို့ ပြောဆိုခြင်းအတွက် အထင်အမြင်သေးသွားမလားဟူသော စိတ်ကို ကျွန်မ စဉ်းငယ်မျှ မစဉ်းစားမိပါ။ ကျွန်မနှင့် ထပ်တူကျသော ရိုးစင်းသည့် အတွေးကိုသာ သူလည်း တွေးလိမ့်မည်ဟု ကျွန်မယုံကြည်သည်။


၎။


နူးညံ့သော သံစဉ်ရှိသည့် သီချင်းများကို နားထောင်ဖြစ်လာခြင်းသည် စိတ်နှလုံးသား နူးညံ့လာခြင်းကြောင့် ဖြစ်မည်။ ချစ်ခြင်းဖွဲ့ တေးသံတို့သည် ကြားရသည့် အခါတိုင်း မရိုးနိုင်အောင် နားဝင်ချိုလှသည်။ အလွမ်းသီချင်းများကို နားထောင်မိတိုင်း စိုးရွံ့စိတ်တို့ ဝင်လာခြင်းသည် တမင်ဖန်တီးထားသော အကြောင်းတစ်ခုမဟုတ်မှန်း ချစ်သူ သိစေချင်လှသည်။


ချစ်ခြင်းသည် ရဲဝံ့ခြင်းကို ပေးသကဲ့သို့ ကြောက်ရွံ့ခြင်းကိုလည်း ဖြစ်စေသည်။ ချစ်ခြင်း တစ်ခုဖြင့် အရာရာကိုရင်ဆိုင်ရဲသကဲ့သို့  ချစ်ခြင်းကြောင့် ပြေးရှောင်ပုန်ကွယ်သွားခြင်း များလည်း ရှိသည်။ သို့သော် အဘယ်အကြောင်းကြောင့်နှင့်မျှ ကျွန်မ သူ့အနားက ပြေထွက် ပုန်းရှောင် မသွားလိုပါ။


ရံဖန်ရံခါ အမှန်တရားတို့သည် ခါးသည်းလှသည်။ အတိတ်မှ အကြောင်းတို့ကို သူနှင့်ကျွန်မ ရှိရာသို့ ယူဆောင်မလာစေလိုပါ။ သိသော်လည်း ထပ်မကြားလိုပါ၊ မမြင်လိုပါ။  သူ၏ စိတ်တွင် ကျွန်မ မှတပါး အခြားတစ်စုံတစ်ယောက် ရှိနေခြင်းကို လက်မခံလိုခြင်းသည် ဝန်တိုမှု ဖြစ်သည်၊ စိတ်သဘောထားမကြီးဟုဆိုလျှင် ထိုခေါင်းစဉ်တပ်ခြင်းကို ကျွန်မ နှစ်သက်စွာပင် ခံယူပါမည်။ ထိုကဲ့သို့ ဝန်တိုခြင်း သည် သူ့ကိုချစ်သည့် အတ္တကြောင့် ဖြစ်သည်ကိုမူ ကျွန်မ ဝန်ခံပါသည်။


၅။


မနက်အာရုဏ်သည် အလင်းကို စတင်ခေါ်ယူလာပြီဖြစ်သည်။ ဟိုတစ်ချက် သည်တစ်ချက် ကြားနေရသော ငှက်ကျေးသံတို့သည် သာယာသည့်မနက်ခင်းကို ပိုမိုတောက်ပစေသည်။ နေမင်းသည် ပျော့ပြောင်းသော ရောင်ခြည်နှင့်အတူ လောကတစ်ခွင်ကို နှုတ်ခွန်းဆက်ပြီ။ တိမ်တို့သည် ဟိုတစ်လိပ် သည်တစ်လိပ်နှုင့် ကောင်းကင်ပြာနောက်ခံတွင် ပန်ချီကား အမျိုးမျိုးကို ဖန်တီးနေခဲ့သည်။


ကျွန်မအပေါ် ထားရှိသော သူ၏ချစ်ခြင်းကို ကျွန်မ ယုံမှားသံသယ မရှိပါ။ ပူပန်ခြင်းသည် တားဆီး၍ ရနိုင်သော အရာ ဟုတ်ပါလား။ ရောက်ရာအရပ်မှ ဖုန်းခေါ်တတ်သော သူ၏အသံကို မကြားရလျှင် သို့မဟုတ် သူ့အား ခေါ်ဆို၍ မရလျှင် ရရျိသော ပူပန်ခြင်းသည် အတိုင်းအဆ နှင့် ခိုင်းနှိုင်း၍ပင်မရပါ။


ရုတ်တရက် မြည်လာသော ဖုန်းသံသည် တစ်ညတာလုံး စိတ်အကျဉ်းကျနေရသော ကျွန်မကို လွတ်မြောက်းသွားစေသည်။ သူသည် ကျွန်မကို ကျောခိုင်းမသွားသေးဘူး ဆိုသော အသိသည် အရာရာကို ကျေနပ်နေစေသည်။


တံခါးဖွင့်သံသဲ့သဲ့သည် ရင်ခုန်ညွှတ်နူးဖွယ်ရာ အတိဖြစ်သည်။ တံခါးနောက်ကွယ်တွင် ငြိမ်သက်စွာ ရပ်နေသော ကျွန်မကို သူ့ရင်ခွင်တွင် ခိုလှုံစေသည်။ တစ်ညတာလုံး ကျခဲ့သော မျက်ရည်သည် မကုန်နိုင်သေးပါ။ သူ့ပခုံးတွင် မျက်နှာအပ်ရင်း ကျနေသော မျက်ရည်တို့သည် ဝမ်နည်းအားငယ်ခြင်းနှင့် ဝမ်းသာပျော်ရွှင်ခြင်းတို့ ပေါင်းစပ်ပါဝင် နေသည်ကို သူက ကောင်းကောင်းသိပေလိမ့်မည်။ နဖူးပြင်ကို ဖွဖွ နမ်းရှိုက်ရင်း ခပ်သဲ့သဲ့ ရယ်လိုက်သော သူ့အသံသည် ကျွန်မ အတွက် အချိုမြဆုံးသော ဂီတသံတစ်ခုဖြစ်သည်။


၆။


နွေးထွေးသော ရင်ခွင်တစ်ခုကို အိမ်အဖြစ် သတ်မှတ်၍ ရမည်ဆိုလျှင် နှစ်သက်မြတ်နိုး စရာ အိမ်ကလေး ကျွန်မမှာ ရှိခဲ့ပါသည်။ 


ထိုရင်ခွင်အိမ်ကလေးသည် ကျွန်မ တစ်သက်တာ နားခိုလိုသော နေထိုင်လိုသော အိမ်ကလေးသာဖြစ်သည်။



ပျိုးယုဝသုန်
8:30AM
11-08-2013
Sunday (BNE)

Saturday, 10 August 2013

စိတ်စေရာ




နေဝန်းနီ
မြကြာခြည်လဲ့လဲ့ရေး
မယ့်အတွေးမှာ ပန်းသခင်ညှင်းတယ်
သင်းရနံ့ ပျံ့မွှေး..။

ငှက်ကျေးတို့ တေးဆိုသံ
မိုးကမ်းပါးယံ ရိုက်ဟည်း
လမီးအိမ် ညတွင်လင်းတယ်
ဝင်းပ ရှုမငြီး..။

စိမ့်ကြီးနဲ့တောမြိုင်
ချစ်ရသူလက်ဖဝါး
အပါးမှ မြဲကိုင်..။

တိမ်းမယိုင်
မိုးမှိုင်တိုင် ကြောက်ဘူး
မောင့်နဖူးမှ ချွေးကိုသိပ်ချင်ရဲ့
စိတ်လက်ကြည်နူး..။



ပျိုးယုဝသုန်
29-07-2013
Monday (YGN)

Thursday, 8 August 2013

ကလေးကဗျာများ ( ၂၇ ) လင်းတဲ့ည



လဝန်းရွှေဝါ
ကောင်းကင်မှာ
လင်းလင်းထိန်ထိန်သာ..

မြသားခြုံလွှာ
လွှမ်းကာထား
ဖြာလဲ့ညမင်းသား..။

ကြယ်များခင်တဲ့
ညပင်လယ်
မြင်လှည့်ပါ မောင်ငယ် ..

စိန်ပွင့်လေးနှယ်
ရွယ်စုံရွေး
တစ် နှစ် ငါး ခွန် လေး..။

ချိုတေးသီလို့
ကဗျာစီ
ညရဲ့စာပန်းချီ..

ငွေရည်သွင်းတဲ့
ဒီညခင်း
လင်းလဲ့ မှုန်မှုန်လင်း..။



ပျိုးယုဝသုန်
1:33:19AM
09-06-2013
Sunday (YGN)

Tuesday, 6 August 2013

ဖိုးစီ နှင့် ဝက်လက်ဟင်းရည်





ဖိုးစီသည် ဟင်းချက် အင်မတန်တော်သော ကောင်လေးဖြစ်သည်။


တစ်နေ့တွင် ကြီးတော်သည် တူမ တစ်ယောက်၏ အိမ်သို့ အလည်သွားသည်။ ထိုနေ့တွင် တူမအိမ်၌နေ့လည်စာ စားရာတွင် ဝက်လက်ဟင်းရည်သောက် တစ်ပွဲ ကို ကြီးတော် ခံတွင်းတွေ့လာသည်။


ညနေအိမ်သို့ ပြန်ရောက်သောအခါ ထိုဝက်လက်ဟင်းရည် ကောင်းကြောင်းကို မကြာခဏ ထုတ်ဖော် ချီးမွမ်းလေသည်။ ထိုအခါ ဖိုးစီက ထိုကဲ့သို့ ဝက်လက်ဟင်းရည်ကို သူချက်တတ်ကြောင်း ကြီးတော်ကို ပြောမိလေသည်။


နောက်တစ်နေ့မနက် ဖိုးစီအိပ်ရာနိုးချိန်တွင် ဝက်လက်တစ်ချောင်းသည် ဖိုးစီကို အသင့်စောင့်နေပြီဖြစ်သည်။ ကြီးတော်သည် ထိုဟင်းတစ်ခွက်အတွက် သူမ၏ မီးဖိုချောင်ကို ဖိုးစီလက်ထဲသို့ အပ်လိုက်သည်။


ဖိုးစီသည် ပိုင်းဖြတ်ထားသော ဝက်လက်များကို Pressure Cooker ထဲသို့ ထည့်၏။ ထို့နောက် ပဲငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း အစရှိသော သူသိသမျှ ဟင်းခတ် အမွှေးအကြိုင်များကို ထည့်ကာ မီးဖိုပေါ်တွင် တင်ထားလိုက်လေသည်။


အချိန်အတန်ကြာပြီး၍ ဟင်းအိုးကိုဖွင့်ကြည့်သောအခါ ဟင်းရည်အရောင်သည် သူမျှော်လင့်ထားသော အရောင်မျိုးဖြစ်မနေသည်ကို တွေ့လေသည်။ အရောင်မလှနေသည့်အတွက် သူ မကျေနပ်ပါ။ ဟင်းရည်တွင် အရောင်လှ စေရန် သူစဉ်းစားသည်။ ထို့နောက် မကျည်သီးမှည့်ကို အရည်ဖျော်၍ ထည့်လိုက်ကာ ဟင်းရည်အိုးကို ထပ်တည်ထားလိုက်သည်။


ထမင်းစားချိန်တွင် ကြီးတော်သည် မျှော်လင့်ချက်ကြီးစွားဖြင့် ဖိုးစီ၏ ဝက်လက်ဟင်းရည်ကို ဦးစွာပထမ စားသုံးလေသည်။ မြည်းစမ်းကြည့်ပြီးသောအခါ ကြီးတော် သည် သူမ၏ အမှားကို ကောင်းကောင်းကြီး သိမြင်သွားပြီဖြစ်သည်။


နှမြောတတ်သော ကြီးတော်သည် ထိုဝက်လက်ဟင်းရည်ကို သွန်လည်းမသွန်ရက်၊ ပစ်လည်းမပစ်ရက်သောကြောင့် ကုန်အောင်စားလေသည်။


ထိုမှစ၍ ဖိုစီ၏ ဝက်လက်ဟင်းရည်သည် ဆွေမျိုးများအကြားတွင် နှစ်ပေါင်းအတော်ကြာ နာမည်ကြီးကာ ကျန်ခဲ့လေသည်။


ကာယကံရှင် ကြီးတော်မှာမူ ထိုဝက်လက်ဟင်းရည်ကို သူမ၏ တစ်သက်တွင် မည်သို့သော အကြောင်းနှင့်မှ မေ့တော့မည် မဟုတ်ပါ..။



မမဝသုန်
11:45:30 PM
05-08-2013
Monday (YGN)

Monday, 17 June 2013

ကောင်းကင်ရင်ခွင်



ငါ၏ကောင်းကင်
မြဲကြည်လင်လျက်..။

လျပ်နွယ်ပန်းခက်
ရံခါပြက်၍
လင်းလက်တိမ်ရောင်
ရံခါမှောင်သည်..။

လေပြည်အေးနှင့်
ရင့်သည်းမိုးစွေ
နွေ၏လေရူး
ရံခါမြူးသည်..။

မြည်ကျူးတေးဆို
ငှက်ကျေးပျိုလည်း
နားခိုနေရာ
ရံခါ ရှာသည်..။

မိုးပြာကောင်းကင်
သူ့ရင်ခွင်ထဲ
ဆွဲ၍မသွင်း
တပ်မက်ခြင်း
ချစ်ခြင်း ရင်မှ တည်ခဲ့သည်..။



ပျိုးယုဝသုန်
16-06-2013
Sunday (YGN)

Wednesday, 12 June 2013

နတ်ဆက်ပန်း




ပန်းနွယ်ဖြူ ကြူကြူမွှေး
မယ်ရွေးလို့ ပန်စေချင်
ကွင်းအပြင် တစ်ဖက်နားက
ခူးခဲ့လားရှင်..။

မွှေးတယ်ထင်
မောင်ရင်ဆွတ်ပါနဲ့
နတ်သခင် ရှင်တော်မကို
ကြောက်လှတယ်ကွယ့်..။


ပျိုးယုဝသုန်
10:11:05 PM
12-06-2013
Wednesday (YGN)

Saturday, 8 June 2013

မျှစ်တာတပေါ ချက်ခြင်း




လိုအပ်သော ပစ္စည်းများ


ဝါးပိုမျှစ်စိမ်း                   ၃၀ သား
ဆန်စိမ်း                   ၁/၃ နို့ဆီဗူး (ရေစိမ်ထားပါ)
ရေကျိုငါးပိ                    ၂ကျပ်ခွဲသား
ကြက်သားမှုန့်           လက်ဖက်၇ည် ဇွန်း ၁ဇွန်း
ဆား                           လက်ဖက်ရည်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူ                    ၂ကျပ်ခွဲသား ( လုံးကွဲရုံထောင်းထားပါ)
ငရုပ်သီးစိမ်း                    ၆တောင့် (ပါးပါးလှီးထားပါ )
ငရုပ်ကောင်းလှော်          ၂၅ စေ့ (ညက်နေအောင် ထောင်းထားပါ)
ပုဇွန်ကျော့                   ၁၅ ကျပ်သား
ရုံးပတီသီး                    ၁၀တောင့် (အရွယ်တော် လှီးထားပါ)
ဓညင်းဝက်ကြီး                  ၃လုံး ( ပါးပါးလှီးထားပါ)
ပဲညွန့်                            ၂စီး (သင်ထားပါ)
ပင်စိမ်း                   ၂စီး (သင်ထားပါ)




ပေါက်ထားသော ဝါးပိုးမျှစ် ကို တစ်ရေပွက်ပွက်ဆူအောင်တည်ပါ။

ထို့နောက် ရေများကို သွန်လိုက်ပါ။

ပြီးလျှင် ရေ ၃လီတာခွဲ ထပ်ထည့်ကာ မျှစ်များ နူးလာသည်အထိ တည်ပါ။

ထို့နောက် ဆား နှင့် ကြက်သားမှုန့်ကိုထည့်ပါ။

ရေစိမ်ထားသော ဆန်များကို ထောင်းပြီး ရေဖျော်၍ထည့်ပါ။

ရေကျိုငါးပိကို ဆူပွက်နေသော ရေနှင့် အရိုးကျအောင် ဖျော်၍ထည့်ပါ။

လုံးကွဲရုံထောင်းထားသော ကြက်သွန်ဖြူကို ထည့်ပါ။

ငရုပ်ကောင်းမှုန့်ကိုထည့်ပါ။

ထို့နောက် ပါးပါးလှီးထားသော ဓညင်းဝက်များ နှုင့် ငရုပ်သီးစိမ်း ကို ထည့်ပါ။

ပြီးလျှင် သန့်စင်ထားသော ပုဇွန်ကျော့ကိုထည့်ပါ။


စားခါနီးလျှင် သင်ထားသော ပဲညွန့်၊ ပင်စိမ်း နှင့် ရုံးပတီသီး အနည်းငယ်ကို ဟင်းရည်သောက်ပန်းကန်ထဲသို့ထည့်ကာ အပေါ်မှ ပွက်ပွက်ဆူနေသော ဟင်းရည်ကို လောင်းထည့်ပါ။


အနံ့အရသာ ရှိသော မွန်-ကရင် တာတပေါ ဟင်းရည်သည် စားသောက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။


မှတ်ချက်။         ။ ရည်ကျိုငါးပိ မပါလျှင် တာတပေါ မဖြစ်ပါ။



ပြောပြသူ  -  မိခင်ကြီး အမေပြုံး

Friday, 7 June 2013

ပုံပြင်တစ်ပုဒ်



လေပြည်
သူဝမ်းနည်းနေတယ်..။

ပင်လယ်
ရယ်ရွှင်ဖွယ် ပုံပြင်တွေပြောရင်းနဲ့..။

ကောင်းကင်တစ်ခုရဲ့ အောက်မှာ
မိတ်ဆွေ ဖြစ်ခဲ့ကြပါတယ်..။

ပင်လယ်သဘော
ပုံပြင်တွေ ပြောဆဲ..။

အမှတ်မရှိတဲ့လေပြည်
ပုံပြင်တွေကို ယုံနေဆဲ …။



ပျိုးယုဝသုန်
7-06-2013
Friday ( YGN )


Thursday, 6 June 2013

ဖွင့်ထားသောတံခါးတစ်ချပ်




အပြာရောင်ပြတင်းတစ်ချပ်
လျပ်ပန်းစိမ်းစိမ်းတွေကြား
အားကြိုးမာန်တက် ဖွင့်ခဲ့တယ်။

အက်စစ်မိုးလည်း စင်နိုင်တယ်
ခရမ်းလွန်မြားလည်းစိုက်နိုင်တယ်
အစိမ်းရောင်ကောင်းကင်အောက်မှာ
ဘာမဆို အကုန်ဖြစ်နိုင်တယ်။

မသိဘူးလားဆိုတော့ သိတယ်
သိရဲ့လားဆိုလည်းသိခဲ့တယ်
သိသိနဲ့ ဖွင့်တဲ့တံခါး
ပိတ်မရလို့မဟုတ်တာ သေချာတယ်။

စင်ချင်လည်းစင်ပါစေ
စိုက်ချင်လည်း စိုက်ပါစေ
တချိန်ချိန်မှာလာမယ့်လေပြည်
လတ်ဆတ်ခြင်းတို့ ယူလာစေ..။


ပျိုးယုဝသုန်
10:30:04 PM
05-06-2013
Wednesday (YGN)

Tuesday, 4 June 2013

ချစ်ခြင်း တစ်ခု





ကမ္ဘာသစ်ရဲ့တစ်ဘက်မှာ
သူမနေပါဘူး..။

ကမ္ဘာဟောင်းရဲ့တစ်ဘက်
မချန်ရက်ပါဘူး..။

ကြည်နူးမှုနဲ့ စေတသိက်
တိတ်တိတ်ကလေးမျှဝေ
သူပျော်နေရင်ကျေနပ်
ငတ်မွတ်တဲ့ ဆန္ဒတစ်ခု
အတုပ ကင်းတဲ့ရယ်သံ
အဖန်ဖန်ကြားချင်ခဲ့…။

ဖန်တီးခွင့်ရဲ့ ပိတိ
နှိုင်းကြည့်လို့မရနိုင်
ခိုင်မာတဲ့စိတ်အရင်း
နီးခြင်းဝေးခြင်းပညတ်
သတ်မှတ်ချက်ကင်းကင်းက
လှခြင်း မင်းအတွက်ဖြစ်စေ့မယ်..။



ပျိုးယုဝသုန် 
01-06-2013
Saturday (YGN)

Monday, 3 June 2013

ရှက်



မရည်ရွယ်သား၊ နှောင်ထားမလို
ညိုညင်မဲ့ကင်း၊ တွေ့ဆုံခြင်း၌
ဖန်ဆင်းဟန်မူ၊ ညှို့မယူဘူး
ယစ်မူးအိပ်မက်၊ အအိပ်ပျက်စဉ်
ဝိဥာဉ်ခေါ်ယူ၊ ငင်သောသူဟု
မှတ်ယူတလွဲ၊ စိတ်မှာစွဲလျှင်
ကွဲကြေနှလုံး၊ ပျက်ကာသုဉ်းစေ
ဝေးရာလေလွင့်နေတော့မည်..။



ပျိုးယုဝသုန်