Wednesday, 10 September 2014

စာမျက်နှာများ အကြောင်း (၁)




တကယ်တော့ ထိုအကြောင်းအရာသည် အတ္တတစ်ခုသာ ဟုပြောလာလျှင် ငြင်းပယ်ဖို့ သူ မစဉ်းစားပါ။

သူတပါးကို ပျော်ရွှင်စေခြင်းဖြင့် ကိုယ့်အတ္တကို ကိုယ်အရောင်တင်ရလိမ့်မည်ဟု ဘာသာပြောမိသော စကားကို သူ တိတ်တဆိတ် ရုပ်သိမ်းပြီးဖြစ်သည်။ တစ်နေ့ထက် တစ်နေ့ ဝန်တိုမှုနှင့် မစ္ဆရိယသည် သူ၏နှလုံးသားအတွင်းသို့ တစိမ့်စိမ့် စီးဝင်နေသည်။ သို့သော် ထိုဝန်တိုမှုနှင့် မစ္ဆရိယကို ဖွင့်ဟပြောဆိုရန် သူမဝံ့ရဲပါ။ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများကို လက်မခံချင်သော်လည်း သူသည် ရှေးရိုးစွဲနေသည့် အတွေးအခေါ်များကို မဖျောက်ပစ်နိုင်သေးဘူး မဟုတ်လား..။ ခေတ်မီခြင်း၊ ခေတ်ဆန်ခြင်းနှင့် ခေတ်လွန်ခြင်းတို့တွင် သူ လက်နိုင်သည်က ခေတ်မီခြင်း တစ်ခုသာ..။

မောင်သည်  သူတိတ်တဆိတ် ပျော်ဝင်နေသော မြစ်တစင်းဖြစ်သည်။ ထိုမြစ်ထဲတွင် အခြား မည်သူတစ်ဦး တစ်ယောက်မျှ မပျော်ဝင်နေစေလိုသည်မှာ သူ၏ ဆန္ဒသာဖြစ်သည်။ မောင် သိပ်ပြီး ချစ်ခဲ့ဖူးသည့်သူကို သိရပြီး မောင့်စိတ် ထိုမိန်းကလေးထံတွင် အတော်ကြီးကို နစ်ဝင်ခဲ့ကြောင်းသိရသည့် အချိန်တွင် သူ့အနားတွင်ရှိသော အရာများအားလုံး အသက်မဲ့သွားသကဲ့သို့ ခံစားခဲ့ရသည်။  ထိုအကြောင်းကို သိခဲ့လျှင် မောင် မည်ကဲ့သို့ တုံ့ပြန်မည်နည်း..။ တကယ်တော့ ထိုအဖြေကို သူ မသိချင်ခဲ့ပါ။ မောင် သိစေဖို့ မောင့်ကို ပြောပြရန်လည်း မလိုပါ။ မောင်လည်းသိရန် မလိုပါ..။

မောင်သည် သူ့အတွက် လေပြေလေညင်းကလေးလည်း ဖြစ်သည်။ အချိန်တိုင်းအတွက် မောင်ရှိနေရန် လိုအပ်သည်။ မောင့်စကားသံများကို မက်မောသည်၊ မောင့်ရယ်မောသံများကို မြတ်နိုးသည်။ မောင်ရှိသော အရပ်တွင် နေချင်ပြီး မောင့်လှုပ်ရှားမှု တို့ကို တနေရာတွင် ငြိမ်ငြိမ်ကလေးထိုင်ပြီး ကြည့်နေချင်သည်..။ အဆုံးစွန် မောင့် ဓါတ်ပုံကလေး မြင်နေရလျှင်ပင် သူ ကျေနပ်သည်။ 

မောင့် ကို ချစ်သလားဟု မမေးစေလိုပါ။ မေးလာသောသူ၏ မေးခွန်းသည် မည်မျှ နက်နဲမည်ကို သူမသိနိုင်..။ ပေါ့တန်သော စကားများဖြင့် သူ တန်ဆာမဆင်ချင်ပါ။ မောင့်အပေါ်တွင်ထားသော သူ၏စိတ်သည် ချစ်သလား ဆိုသည့် စကားများထက် အဆပေါင်းများစွာ လေးနက်ခိုင်မြဲသည်။

မောင်ပြန်မလာသေးပါ။ မောင့်အခန်းမီးကလေး မှိန်နေသမျှ ပူပန်ကြောင့်ကြသော စိတ်သည် သူ့အား ဖိစီးနှိပ်စက်နေသည်။ မျက်လုံးမှိတ်စဉ် ဝင်ရောက်လာသော ပုံရိပ်ပါးပါးသည် သူ့ကို လှောင်ပြောင်နေသည်။ မောင်ကတော့ ထိုကဲ့သို့ လှောင်ပြောင်မည် မဟုတ်ပါ။

သူ့အတွက် အရာရာတိုင်း သည် မောင်ဖြစ်လာသောအခါ …

အိပ်စက်ခြင်းသည် သူ၏ အဝေးဆုံး ထွက်သွားတော့သည်။

မောင်သည် သူ၏ အိပ်စက်ခြင်း လည်း ဖြစ်သည်။



ပျိုးယုဝသုန်


Saturday, 29 March 2014

အတိတ်ရုပ်ရှင်

ငယ်ကကျွမ်း၍
လွမ်းငွေ့မပြေ
ဖြေလည်းမပျက်
လရောင်စက်နှင့်
ဖွင့်သည့်ရုပ်ရှင်
အသက်ဝင်သည်
ချိန်ခါရီကဆက်သည်ကိုး..။

ပျိုးယုဝသုန်
4-03-2014

စိတ်ပျောက်သူ


စုတ်ကိုကိုင် ဆေးကိုတို့
ငါ့စက္ကူ မင်မစို့တယ်
စိတ်ပျောက်သူမို့..။

ပျိုးယုဝသုန်
၀၄-၀၃-၂၀၁၄ (ရန်ကုန်)

ကချေသည်

အလွမ်းတစ်ရစ်
ပန်းတစ်ရစ်နှင့်
ဖွင့်သည့်ကားလိပ်
နောက်တွင်ဆိတ်လျက်
အိပ်စက်မပျော်
မခေါ်သောက
ပွေ့ပိုက်ကြသည်
ဘဝဇာတ်ခုံမှ ကချေသည်။

ပျိုးယုဝသုန်
04-03-2014 (YGN)

ကလေးကဗျာများ (၂၉) ဗိသုကာငှက်

စာဗူးတောင်းလေး လှုပ်တုတ်တုတ်
ငှက်လေးအလုပ်ရှုပ်
ချုပ်သီတွဲတဲ့ အိမ်ဂေဟာ
မြင်သူငေးဖွယ်ရာ
ဟိုသည်ပျံကာ အိမ်ဆောက်ပေး
ဗိသုကာ ငှက်လေး ။


 ပျိုးယုဝသုန်
၂၀-၀၃-၂၀၁၄

ပန်းစကား


အလွမ်းပြေစေဖို့
ပန်းတွေကိုလည်း ပျိုးထားတယ်..။

မညှိုးသာ အစဉ်မနွမ်းစေဖို့
စမ်းရေဖြန်းလို့ လန်းစေ့မယ်..။

မှန်းရည်ရွယ်
ပွင့်လာတယ် တစ်ပွင့်ပန်း..
မောင် မနမ်းရင်ဖြင့်
ရင့်နွမ်းကာ အဆင်ပျက်မှာမို့
မနက်နေ လေနုဦးရယ်နှင့်
အခက်ဝေ ကြွေလုဖူးကို
မောင်ရေ.. 
ခူးလို့  ဆင်မြန်း..။

ပျိုးယုဝသုန်
၂၅-၀၃-၂၀၁၄

နွေးလှည့်

တိမ်မြူမှိုင်း

ခြုံသိုင်းလေတဲအဇဋာ

သူ့ရင်ခွင် အရောင်ကင်းပေမယ့်

လင်းလှည့် မကြာ..။

ရှစ်ခွင်လွှာ

ဘယ်နေရာမှ လာမယ်တုန်း

ရှောင်ပုန်းကာ မျက်နှာဝှက်ပါနဲ့

နွေးပါရစေဦး..။


ပျိုးယုဝသုန်
21-01-2014
Tuesdy (YGN)

Wednesday, 15 January 2014

ကြောက်တတ်သူ

ကြောက်တတ်သူ
************

သူမသည် Psychosis တစ်ယောက်သာ ဖြစ်သည်။

ထို့အပြင် သူမသည် အကြောက်လွန်ရောဂါများ၏ သားကောင်တစ်ယောက်လည်းဖြစ်သည်။

သူမသည် အမြင့်ကို ကြောက်သည်။

သူမသည် အမှောင်ကိုကြောက်သည်။

သူမသည် အထိအတွေ့ တို့ကိုကြောက်သည်။


သူမသည် အလုံပိတ်အခန်းများကို ကြောက်သည်။

သူမသည် လိင်မှုကိစ္စကို ကြောက်သည်။

သူမသည် သွေးကို ကြောက်သည်။


သူမသည် အရေပြားပေါ်မှ အဖုအပိန့် နှင့် ချိုင့်ခွက်များကို ကြောက်သည်။

သူမသည် အသံစူးစူး များကို ကြောက်သည်။

သူမသည် ညစ်ပေခြင်းများကိုကြောက်သဖြင့် လက်ခဏခဏဆေးသူ ဖြစ်သည်။

သူမ၏ ကြောက်ရွံ့မှုများကို ချစ်ခြင်းဖြင့် ကုစားမည်ဆိုသူလည်းရှိသည်။ စိတ္တဗေဒ အားဖြင့် ကုစားမည်ဆိုသူလည်း ရှိ၏။ အမိန့်အာဏာပြန်၍ ကုစားမည် ဆိုသူလည်းရှိ၏။ ဂီတဖြင့် ကုစားမည် ဆိုသူလည်းရှိ၏။ မွှေးရနံ့များဖြင့် ကုစားမည်ဆိုသူလည်းရှိ၏။

ထိုထိုသော ကုစားပေးမည်ဆိုသည့် ယောက်ျားဒွေ၊ မိန်းမဒွေတို့သည် နောက်ဆုံးတွင် သူမအား နည်းမျိုးစုံဖြင့် ပြစ်တင်ပြောဆိုကာ ကျောခိုင်းထွက်ခွါသွားကြသည်။

ဤသို့ဖြင့် သူမသည် ကြောက်ရွံ့မှုများကို စွဲကိုင်ရင်း အသက်အရွယ်တို့ ရင့်သည်ထက် ရင့်လာ၏။

တစ်နေ့တွင် သူမသည် ကြောက်ရွံ့မှုတစ်ခုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရင်း ဤကမ္ဘာလောကကြီး မှ ကျောခိုင်း ထွက်ခွါသွားခဲ့သည်။

သူမသည် တစ်ဦးတစ်ယောက်တည်း နေရခြင်းကိုလည်း ကြောက်ရွံ့သူ ဖြစ်သည်လေ။

ပျိုးယုဝသုန်
05-12-2013
Thursday (YGN)
92

သတိတရ မှတ်တမ်း



တကယ်တော့ သူ့ကို ကျွန်မ တော်တော်ကြီးကို သတိရနေခဲ့တာပါ။
ပန်ပွင့်တွေကိုမြင်တိုင်း၊ အစိမ်းရောင် မြက်ခင်းတွေကိုမြင်တိုင်း၊ တောင်တန်းတွေကိုမြင်တိုင်းပေါ့။


******

သူနဲ့ ကျွန်မ စတင်ခင်မင်ရင်းနှီစခဲ့တဲ့အချိန်က ဘယ်လောက်မှ မကြာခဲ့ပါဘူး။ဒါပေမယ့် အဲ့ဒီခဏဆိုတဲ့ အချိန်ကလေးမှာပဲ သူကိုကျွန်မချစ်ခင်တွယ်တာမိတာကတော့ အပေါင်းအသင်းနည်းတဲ့ ကျွန်မရဲ့ နေထိုင်မှုကြောင့်ပဲ ဖြစ်မှာပါ။ မမျှော်လင့်ဘဲ သူ ကျွန်မအိမ်ကိုအလည်ရောက်လာတဲ့ ညနေပိုင်းကလေးက စပြီး ကျွန်မရဲ့  အားလပ်ချိန် တော်တော်များများမှာ သူနဲ့ အတူရှိနေခဲ့တယ်။ သံယောဇဉ်ဆိုတာကန့်သတ်ကောင်းတဲ့ အရာမှ မဟုတ်တာ။ 


သဘာဝ မတူပေမယ့် ဝါသနာတူ၊ အကြိုက်တူတဲ့သူတွေဖြစ်ခဲ့ကြလို့ အဲ့ဒီ အချိန်ကလေးတွေဟာကျေနပ်စရာ ပျော်ရွှင်စရာ ကောင်းခဲ့တယ်။ သူကလည်း သိပ်ပြီး ချစ်စရာ ကောင်းတယ်လေ။


ကျွန်မတို့ ပန်းပင်လေးတွေ အတူတူ ဝယ်ဖူးကြတယ်။ တောင်တန်းတွေဆီကို အတူတူသွားဖူးကြတယ်။ ပြီးတော့ ပင်လယ်ကမ်းခြေမှာ လမ်းလျောက်ကြတယ်။ အဝေးပြေး လမ်းမကြီးတစ်လျောက်ကားအတူတူ မောင်းဖူးကြတယ်။ တောထဲဝင်ပြီး ဓာတ်ပုံရိုက်ခဲ့ဖူးကြတယ်။ ရေတံခွန် ရှိရာကိုသွားရင်းလမ်းပျောက်ဖူးခဲ့ကြတယ်။ လမ်းဘေးသရက်ပင်က သရက်သီးတွေကို ရှာကြံပြီး ခူးယူခဲ့ကြတယ်။သူများခြံထဲက သီးနေတဲ့  ခြံအပြင်ဘက်အကိုင်းကဂွေးသီးတွေကိုခူးပြီး ငပိချက်ချက်စားကြတယ်..။ ညကြီးခေါင်ခေါင် လသာသာမှာ သီချင်းအော်ရင်းလမ်းလျောက်ဖူးကြတယ်။ သီချင်းတွေအတူတူဆိုပြီး အသံသွင်း၊ ပြီးတော့ တစ်ယောက်ဆီ တစ်ယောက်ကပို့ပြီးနားထောင်ကြတယ်။ သူက သီချင်းအဆိုကောင်းတဲ့သူ တစ်ယောက်လေ။ ရေ အတူတူ ကူးခဲ့ကြတယ်..၊ သူကပဲ ကျွန်မကို ရေကူးတတ်အောင် သင်ပေးခဲ့တာပေါ့။မနက်နိုးနိုးချင်း ဖုန်းဆက်ကြပြီးတစ်နေ့လုံး အချိန်ရ အားလပ်တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဖုန်းခေါ်ခဲ့ကြတယ်။ မနက်ကည အိပ်ချိန်ကလွဲပြီးကျွန်မတို့ အတူတူ မရှိနေရင်တောင် ဖုန်းပေါ်မှာ ဒါမှမဟုတ် Facebookပေါ်မှာ တွေ့နေကြတယ်။တစ်ခါတလေ face time ဖွင်ပြီး စကားပြောကြ၊ တစ်ယောက်ချုပ်ထားတဲ့ အဝတ်အစားလေးတွေ တစ်ယောက်ကိုပြကြနဲ့ သိပ်ပြီး အေးချမ်းပျော်ရွှင်စရာ ကောင်းခဲ့တယ်။


ခင်မင်ရင်းနှီးတဲ့ အစ်ကိုတစ်ယောက်ကဆိုရင် နင်တို့ နှစ်ယောက်Lesbian တွေတော့ မဟုတ်ကြပါဘူးနော် လို့ မေးရတဲ့အထိကို တပူးတွဲတွဲ ရှိခဲ့ကြတယ်။  သူ့ကိုကျွန်မ ဘယ်လိုမှ အပြစ်မမြင်နိုင်အောင်ချစ်ခင်ခဲ့သလို သူလည်း ကျွန်မကို ချစ်ခင်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။


ဒါပေမယ့် ကံကြမ္မာဟာ သူနဲ့ ကျွန်မကို ပျော်ရွှင်စွာ နေထိုင်ခွင့် ခဏလေးပဲပေးခဲ့တယ်။ မကြာခင်မှာ ကျွန်မဟာ သူနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာကို ထွက်ခွါသွားခဲ့ရတယ်။ဒီလို ထွက်ခွါသွာခဲ့တာဟာ တကယ်တော့ ကျွန်မရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။ တကယ်ဆို အဲ့ဒီမြို့ကလေးမှာကျွန်မ သံယောဇဉ် တွယ်ရတဲ့သူဆိုလို့ လက်တစ်ဖက်နဲ့ ရေတွက်ရင်တောင်မှ မပြည့်ဘူး မဟုတ်လား။သူတို့သာမရှိရင် ကျွန်မဟာ အဲ့ဒီမြို့က စောပြီးထွက်ခွါဖြစ်ခဲ့မှာ အမှန်ပါပဲ။


ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျွန်မဟာ ကျွန်မချစ်တဲ့သူတချို့၊ ကျွန်မကိုချစ်တဲ့သူအချို့၊ ကျွန်မ မချစ်တဲ့သူအချို့နဲ့ ကျွန်မကိုမချစ်တဲ့သူအချို့ကို ထားခဲ့ပြီးအဲ့ဒီမြို့ကလေးကနေ ကျောခိုင်းထွက်ခွါခဲ့တယ်။ သူပေးလိုက်တဲ့ လက်ဆောင်ကလေး ကိုတော့ကျွန်မ မကြာခဏ အမြတ်တနိုးနဲ့ ဝတ်ဆင်ဖြစ်နေတုန်းပါပဲ။


****

တောင်တန်းတွေ မြင်တိုင်း သူ့ကို သတိရမိတယ်။
ပန်လှလှလေးတွေ မြင်တိုင်း သူ့ကို သတိရမိတယ်။
ထင်းရှူးပင်တွေ မြင်တိုင်း သူ့ကို သတိရမိတယ်။
အင်္ကျီ အသစ်တွေ ချုပ်တိုင်း သူ့ကို သတိရမိတယ်။
ဟိုင်းဝေးလမ်းမတွေမှာ ကားမောင်းဖြစ်တိုင်း သူ့ကို သတိရမိတယ်။
သူကြိုက်တတ်တဲ့ အစားအစာတွေမြင်တိုင်း စားဖြစ်တိုင်း သတိရနေခဲ့တယ်။
သီချင်းတွေအော်ဖြစ်တိုင်း သူ့ကို သတိရမိတယ်။


တကယ်တော့ သူ့ကို ကျွန်မ တော်တော်ကြီးကို သတိရနေခဲ့တာပါ။



မမဝသုန်
28-12-2013
Saturday (YGN)

Monday, 23 December 2013

ဖိုးစီ နှင့် ဆိတ်နို့ညှစ်ခြင်း အနုပညာ

ဖိုးစီသည် အင်မတန် ကစားမက်သော ကလေးဖြစ်သည်။ ကစားစရာမရှိလျှင်လည်း  ထွေလီကာလီ ရှာကြံကာ ကစားတတ်သေးသည်။


လွန်ခဲ့သော ၂၅နှစ်တာအချိန်က မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကွန်ပျူတာဂိမ်းများ၊အင်တာနက်ဂိမ်းများ မပေါ်သေး..။ ထို့ကြောင့် ကလေးများ ကစားလျှင် ပြေးတမ်း လိုက်တမ်း၊ယောက်ျားလေးများဆိုလျှင် ဂေါ်လီလှိမ့်ခြင်း၊ အရုပ်ထောင်ပစ်ခြင်း၊ ဘောလုံးကန်ခြင်းအစရှိသော ကစားခြင်းများကိုသာ အဓိကထား ကစားကြရသည်။ သို့ရာတွင် ဖိုးစီသည် ထိုကဲ့သို့ကစားရန်မှာလည်း ငယ်သေးသည်။ တစ်နေ့ တစ်နေ့ ကစားနည်းပေါင်းစုံကို  ကစားပြီးနောက် အသစ်အဆန်းကစားနည်းများကိုကစားရန် ကြံစည်နေသည်။


ထိုကဲ့သို့ အကြံထုတ်နေချိန်တွင်  ဖိုးစီထက် ၄နှစ်ငါးနှစ်မျှ ကြီးသော ဆွေမျိုးနီးစပ် ကလေးမလေးကလည်းဖိုးစီကို စောင့်ကြည့်နေသည်။ သူတို့သည် အနီး၌ နို့များ ဖောင်းကားနေသော ဆိတ်မတစ်ကောင်ကိုတွေ့လေသည်။ ထိုအခါ သူတို့သည် ဆိတ်နို့ညှစ်တမ်းကစားမည်ဟု အကြံရကြသည်။ ထို့နောက်ခွက်ကလေးတစ်ခွက်ကို သွားယူကာ ဆိတ်နို့ညှစ်ကြရန် ကြံစည်ကြသည်။


ဆိတ်မအား ဦးခေါင်းကလေးကိုအသာပွတ်ပေးသောအခါ ဆိတ်မ လည်း ငြိမ်ကာ ပိန္နဲရွက်ကို ဝါးကာနေ၏။ ထို့နောက် ကလေးမလေးကဆိတ်မ၏  ဦးခေါငးကို ကိုင်ပေး ပွတ်ပေးထား၏။မောင်ဖိုးစီကတော့ ဆိတ်နို့ညှစ်ရန်ပြင်ဆင်လေသည်။ ရှေ့ပိုင်းမှ နို့အိမ်သည် အနည်းငယ်သေးငယ်သည်ဟု ဖိုးစီ ထင်မိသည်။ ထို့ကြောင့် နောက်ဘက်ပိုင်းမှ နို့ကိုညှစ်မည်ဟုဆိုကာ  နောက်ဘက်မှ သွား၍ ဆိတ်မ၏ နို့ကို ဆွဲလေသည်။


ထိုအခါတွင် ဆိတ်မသည် သူ၏နို့ကို တစ်စုံတစ်ဦးက ဆွဲခြင်းခံရသောကြောင့်ကြောက်လန့်ကာ ရုန်းကန် ကန်ကျောက်ပြီး ထွက်ပြေး လေသည်။  


ဆိတ်နို့ ရမရတော့မသိပါ။ ဖိုးစီလည်း ဆိတ်မ၏ ကန်ချက်ဖြင့် နို့ညှစ်ရန်ယူထားသော ခွက်နှင့်အတူ တုံးလုံးပက်လက် ကျန်ခဲ့သည်။
ထိုနေ့မှစ၍ ဖိုးစီတစ်ယောက် ဆိတ်နို့ ထပ်ညှစ်သည်ဟု အသံမကြားတော့ပါ။



အသင် မိတ်ဆွေတို့လည်း ဆိတ်နို့မည်ကဲ့သို့ ညှစ်ရမည်ကို သိလိုလျှင်မောင်ဖိုးစီအား မေးမြန်းနိုင်သည်။ ယခုအချိန်တွင် ထိုကလေးသည် ဆိတ်နို့မည်သို့ညှစ်ရမည်ကိုကောင်းကောင်းကြီး သိကောင်းသိနေပေမည်ဖြစ်သည်..။ (ဤကား စကားချပ်)

မမဝသုန်
04-06-2013
Tuesday (YGN)

Sunday, 22 December 2013

ဖိုးစီနှင့် အဝတ်လျော်ခြင်း အနုပညာ


ဖိုးစီသည် ထင်ရာ အင်မတန်လုပ်သော ကလေးတစ်ယောက်လည်းဖြစ်သေးသည်။သူအလယ်တန်းသို့ ရောက်သောအခါ မိခင်ဖြစ်သူက မိမိ အဝတ်များကို မိမိကိုယ်တိုင် လျော်တတ်စေရန်သင်ကြားပြသပေးသည်။

သို့သော်ဖိုးစီသည် ကစားခြင်း၊ ပုံဆွဲခြင်း၊သီချင်းနားထောင်ခြင်းတို့ကို မပျင်းရိသော်လည်း အဝတ်လျော်ရန်ကိုမူ မည်သို့မျှ စိတ်မရှည်ပါ။သို့သော် ဖိုးစီသည် မေမေ့ကိုလည်း ကြောက်ရပါသည်။ ထို့ကြောင့် အဝတ်မလျော်လိုသော်လည်းဖြစ်အောင် လျော်ရသည်။

ဖိုးစီ၏ အဝတ်လျော်နည်းသည် အင်မတန် အချိန်ကုန်သက်သာ၏။သူသည် ရေချိုးလျှင် အင်္ကျီကို ဝတ်၍ချိုးသည်။ ကိုယ်ကို ဆပ်ပြာတိုက်လျှင် အင်္ကျီ နှင့်ပုဆိုးကိုပါတိုက်သည်။ ထို့နောက် ရေလောင်းချလိုက်လျှင် ရေလည်းချိုးပြီး အဝတ်လည်းလျော်ပြီး ဖြစ်၏။ ဤမျှကောင်းသော အဝတ်လျှော်နည်းကို သူ ရှာဖွေ တွေ့ရှိထားသည်မှာ မကြာသေးပေ။သို့ရာတွင် ဆပ်ပြာမွှေးတုံးမှာ ဖိုးစီ ရေနှစ်ခါမျှ ချိုးလျှင် တစ်တုံးကျ  ကုန်၏။

တစ်နေ့တွင် မေမေသည် ဖိုးစီ၏ အဝတ်လျှော်ခြင်းအနုပညာကို မျက်ဝါး ထင်ထင်မြင်၏..။

ထိုအခါ ဖိုးစီလည်း မေမေ၏ တုတ်သိုင်း အနုပညာကိုမျက်ဝါးထင်ထင် ခံစားရ၏။


( မိတ်ဆွေ.. သင်တို့လည်း သီးသန့် အဝတ်လျှော်ရခြင်းအချိန်ကို Save လုပ်လိုလျှင် ဖိုးစီ ကဲ့သို့ အဝတ်လျှော်ကြပါကုန်.. သို့သော်.. မေမေ မမြင်ပါစနှင့်.. ဤကား စကားချပ် )


မမဝသုန်
8-06-2013 (YGN)

Saturday, 21 December 2013

ခရေ ပန်သူ


လမီးအိမ် ထိန်ထိန်လင်း
ဝင်းဖန့်တဲ့ ညအခါ
ရှင်းသန့်တဲ့ မြကဗ္မလာဝယ်
လှရာရာ ခြယ်ရွေး။

ခရေနွယ် သွယ်သီကုံးပါလို့
ကြယ်မင်းပုံ ခွေကာယှက်ကာဖြင့်
မယ့်ကေသာ ဆံညိုထွေးမှာ
မှေးလှည့်ပါလေး..။

မမဝသုန်
18-12-2013
Wednesday ( YGN )

Friday, 20 December 2013

သစ္စာအိမ်


 
မီးမှိန်မှိန်
တို့နေတဲ့ အိမ်ကလေး
ထိန်ညီးနေမေတ္တာမီးအိမ်နှင့်
နွေးဆင့်နေသေး။

အမိုးတိမ်
တို့နေတဲ့အိမ်ကလေး
ချိုတေးသံလွှမ်းခြုံအေးကြည်ရဲ့
ငြိမ်းလျက်နေသေး။

အိမ်ရှေ့ကပန်းတစ်ပင်
မယ့်ခေါင်းတွင်အယဉ်ဆင့်စေကွယ့်
ပျိုးတဲ့ကိုရင်..။

ပန်းတော်ဝင်
မက်မမြင်တဲ့ခင်လေး
ကြူမွှေးရာ စံပယ်ဖူးသာ
ဦးခိုက်မှာ တွေး။


ပျိုးယုဝသုန်
06-12-2013
Friday (YGN)

Wednesday, 18 December 2013

သြော် .. မိန်းမ မိန်းမ (၂)



Treadmill..
ဒီ လမ်းလျောက်စက်၊ အပြေးလေ့ကျင့်စက်ကို သူမ အမြင်ကပ်လှသည်။ ဤစက်ပေါ်တွင်လမ်းလျှောက်လျှင်သော်လည်းကောင်း၊ ပြေးလျှင်သော်လည်ကောင်း အရွေ့မရှိပဲ ချွေးတွေသာ တောက်တောက်ကျ၍လျှာသာ အလျားလိုက်ထွက်လာသည်မဟုတ်လား။ သူမက အားကစားဝတ်စုံကလေးဝတ်ကာ ဦးထုတ်လေးဆောင်းပြီးလှလှပပ လေ့ကျင့်ခန်း လုပ်လိုသည်လေ။ ဒါကို သိသော မောင် သည် ညစ်ကျယ်ကျယ်စိတ်ဖြင့်ထို Treadmill ကြီးကို ဈေးကြီးပေးကာ ဝယ်လာတော့သည်။ သူ၏ အကြောင်းပြချက်ကား မိုးရွာရွာနေပူပူ မလေး လမ်းလျောက်ချင်တဲ့ အချိန် ပြေးချင်တဲ့အချိန် ပြေးနိုင်ရန် .. ဟူ၏။

၂။

ညသည် သန်းခေါင်ယံကို အတော်ပင် ကျော်လာခဲ့ပြီ။ သူမကတော့ မီးပူတိုက်ပြီးသားအဝတ်များကို ခရီးဆောင်အိတ်အတွင်း စီထည့်ကာ အရီးစဉ်တစ်လျောက် လိုအပ်မည့် ပစ္စည်းများကိုစဉ်းစားလိုက် ထည့်လိုက်နှင့် ရှိနေသည်။ သူကတော့ သူမ နဘေးတွင် ထိုင်လိုက် မှောက်လိုက်နှင့်သူ၏ ဖုန်းထဲတွင်ရှိသော game များကို တစ်ခုပြီး တစ်ခု တတီတီ တတိန်တိန် နှုင့် ကစားနေသည်။သူမ မျက်စောင်းလှည့်ထိုးသည်ကိုပင် သူက မသိချေ။ နှုတ်မှလည်း သိလား မလေးရဲ့ .. ဒီgame က ဒီလို.. ဟိုလိုနှင့် ပေါက်ပေါက်ဖောက်သလို ပြောနေ သေးသည်။ မောင်သည် တစ်ခါတရံတွင်ကလေးလေးတစ်ယောက်လိုပင်။ သူမမှာတော့ တစ်ခါမှ မခွဲစဖူး ခွဲရမည်မို့  ရင်ထဲတွင် ဆို့နင့်နင့် နှင့် ဖြစ်နေသည်။သူကတော့ မည်ကဲ့သို့မျှ ခံစားရပုံ မပေါ်ပါ။ ခရီးသွားရမည်ကို တက်ကြွနေသလိုပင်။  ပွစိပွစိ ပူညံပူညံဒဏ်မှ တစ်ပတ်တာမျှ ကင်းလွတ်ကာနား နိဗ္ဗာန် ရောက်ပြီ ဟုလည်း ထင်ကောင်းထင်နေနိုင် သည် မဟုတ်လား။  သည်လိုတွေးမိတော့ သူမ မျက်နှာက စူပုပ်ပုပ်ဖြစ်လာသည်။ ဒါကို သတိထားမိတော့ သူက သူ့ပခုံးတွင် မှီခိုစေကာ ရယ်စရာများကို ပြောပြနေသည်။ဘာပဲဖြစ်ဖြစ် သူလည်း သူမကို လွမ်းဆွတ်နေမှာပါ ဟု သူမဘာသာ သူမ ယူဆလိုက်သည်။

Tuesday, 17 December 2013

သြော် .. မိန်းမ မိန်းမ (၁)


မှန်တင်ခုံရှေ့တွင် ထိုင်လိုက်တယ်ဆိုလျှင်ပဲ ပထမဆုံးသတိထားမိသည်မှာယခင်ကထက် ပို၍ ဝိုင်းလာသော မျက်နှာဖြစ်သည်။ ယခင်က အသည်းပုံသဏ္ဍန် မျက်နှာကျသည်ideal မျက်နှာကျမျိုးတွင် ပါဝင်သည်ဆိုကာ မိတ်ကပ်ဆံပင် သင်တန်း၌ ဆံပင်ထုံးဖွဲ့လျှင်သော်လည်းကောင်း၊ မိတ်ကပ်လိမ်းခြယ်လျှင်သော် လည်းကောင်း စံပြ မျက်နှာကျ အဖြစ် အသုံးပြုခံရသော ဤမျက်နှာသည် ယခုတွင် ပါးတစ်ဖက်တစ်ချက်ဆီ၌ အပိုအသားများ ခိုတွဲလာပြီ ဖြစ်သည်။သူမ၏ စိတ်သည်  လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ကနုငယ်ပျိုမြစ် မှုတို့ ဆီသို့ ရောက်ရှိသွားသည်။


ထိုစဉ်က နက်မှောင်သော ဆံပင်ထူထူ တို့သည် သူတကာတို့ အားကျဖွယ် ဖြစ်ခဲ့သည်မဟုတ်ပါလား။ ခါးသေးရင်ချီ ပဒုမ္ဗနီဟု တင်စားခံရလောက်အောင် သူမတွင် သွယ်လျသော ခါးသိမ်သိမ်ကလေးလည်း ရှိသေးသည်။ အမျိုးသမီး၊ အမျိုးသား အားလုံးတို့၏ သမင်လည်ပြန် ပြန်ကြည့်ခြင်းကိုရရှိတိုင်း သူမက မိမိကိုယ်မိမိ ယုံကြည်မှုများ တိုးတိုးလာသည် မဟုတ်ပါလား။

Sunday, 15 December 2013

လွမ်းသူ


ပန်းတလင်း
မောင် .. မင်းအတွက် ခင်းထားတယ်..။

လာမယ်ဆို အကြိုထောက်

မောင် .. စောင့်ပါ့မယ်..။

ရနံ့ပျယ်

ရက်တွေရယ် ကွယ်ပါလို့

မျှော်ရှာသူ မောင့်မှာနွမ်းတယ်

လွမ်း မျက်ရည်စို့ ..။




ပျိုးယု ဝ သုန်
14-11-2013
Thursday ( YGN)

Friday, 15 November 2013

အိပ်မက်မဲ့သော ည

ကြည့်လိုက်ပါ..။


မောင်ရင်ဆိုင်းထမ်း ကြယ်ကလေး နှင့် သူ၏ အနီးမဝေးတွင် အနီရောင် ကြယ်တစ်လုံးကလှလှပပ ရှိနေတယ်။  လဆန်းရက်မို့ လ ဟာတစ်ဝက်တပြက်လည်း လင်းနေတယ်။ တစ်ခြမ်းလည်း မဟုတ် သုံးချိုးတစ်ချိုးလည်း မကျ နဲ့ .။ဒါပေမယ့် ည ကတော့ သိသိသာသာ ထင်ထင်ရှားရှား လှပနေပါတယ်။


ကြယ်ဆိုတာ ဂြိုလ် တစ်စင်း ဖြစ်တယ်လို့ ပြောမှာလား။ မြင်နေရတဲ့ အနီရောင်ကြယ်ဟာ ထင်ထင် ရှားရှားရှိနေပြီး ကမ္ဘာနဲ့ အတူ နေကို လှည့်ပတ်နေတဲ့ ဂြိုလ်လို့ သိပ္ဗံ ပညာရှင်တွေကတော့ ပြောကြတာပါပဲ။ ဒါပေမယ့် ကျွန်မ အမြင်မှာတော့ သူဟာ လင်းလက်နေတဲ့ အနီရောင် ကြယ်တစ်လုံးပါပဲ။


မြို့ပြရဲ့ မီးရောင် ထိန်ထိန်တွေရဲ့ အထက်မှာ ညဟာ လှချင်သလောက် အမြင်မှာမလှနိုင်ရှာ ဘူး။ ကြယ်ရောင်တွေတောက်ပစေဖို့ လျပ်စစ်မီးရောင်တွေကို ချုပ်ငြိမ်းစေချင်သလား။ဟင့်အင်း.. ၊ စိတ်ရဲ့ စေစားမှု နောက်မှာ အရာရာဟာ မပြောင်းလဲဘဲ ပြောင်းလဲခဲ့တယ်။ ဒီလိုပဲကျွန်မ နေထိုင်လာခဲ့တဲ့ နေရာတွေမှာလည်း စစ်မှန်ခြင်းဟာ အတုအယောင် တွေရဲ့ ဖုံးကွယ်မှု အောက်မှာ မှိန်ဖျော့ခဲ့တာ ကြာနေခဲ့ပြီ။ မိုင်ထောင်ချီ ဝေးကွာနေတဲ့နေရာဒေသ တစ်ခုဆီက ရရှိခဲ့ဖူးတဲ့ အထီးကျန်ဆန်မှုမှုရဲ့ အငွေ့အသက်ကို  ကျွန်မ နှစ်သက် မြတ်နိုးတဲ့ နေရာတစ်နေရာမှာပြန်လည်ရရှိနေတာကတော့ ကျွန်မ မဖြစ်ချင်ဆုံး ဆန္ဒပါပဲ။  တစ်ခါ တရံမှာ တစ်ဦးတစ်ယောက်တည်းနေပြီး အထီးကျန်ဆန်မှု ကို ရရှိခဲ့တယ်။ တစ်ခါတရံမှာ တော့ လူ အများကြားမှာနေပြီး အထီးကျန်ဆန်မှုကို ရရှိခဲ့ပြန်တယ်။ ယူသူရှိမှ  ပေးသူ  ရှိတယ် ဆိုပေမယ့် အထီးကျန်ဆန်စေခြင်းကို ဘယ်သူကမှ ကျွန်မကိုရရှိစေဆိုပြီး မပေး သလို ကျွန်မကလည်း မယူခဲ့ပါဘူး။ ဒါပမယ့် ခက်တာက ရရှိနေသူဟာ ကျွန်မဖြစ်နေတာ ပါ..။ ဒါဟာ လူ့ဘဝ ဆိုတာရဲ့ သဘောတရား တစ်ခုဆိုရင်တော့ ဘဝဆိုတဲ့ ကျောင်းမှာကျွန်မက အလယ်တန်းတောင် မရောက်သေးဘူး ဆိုတာ သိရှိ ခဲ့ရပြီ..။


တဆစ်ဆစ် ကိုက်ခဲ့နေတဲ့ ပုရွက်ဆိတ် တွေနဲ့ တဝီဝီနဲ့ ပျံရင်း သွေးစုပ်ဖို့ချောင်းနေတဲ့ ခြင်တွေကို ငေးကြည့်နေမိတာ အဓိပ္ဗါယ် မရှိတဲ့ အလုပ်တစ်ခုလို့ ပြောမှာလား။ပုရွက်တွေ က သူတို့ အသိုက်အမြုံကို ဖျက်ဆ်ီးမယ့်သူလို့ ထင်ပြီး အတတ်နိုင်ဆုံးကာကွယ်နေကြ သလို ခြင်တွေလည်း သူတို့ဝမ်းစာအတွက် သူတို့ ရှာဖွေနေကြတာ မဟုတ်လား။ကျွန်မ ကရော..။ ကိုယ့်အိပ်မက်တွေနဲ့ နှလုံးသားကို  ပျက်စီးစေမယ့် အကြောင်းအရာတွေ၊ အတွေးတွေကို မတားဆီးနိုင်ဘူးမဟုတ်လား။


နေ့စဉ် မြင်နေကြ အမြင်တစ်ခုဟာ အနည်ငယ် တိမ်းစောင်းရုံနဲ့ ကျွန်မအတွက်သိသိသာသာ ဖြစ်စေတာကတော့ ကျွန်မ မှတ်ဥာဏ်ရဲ့ အားနည်းချက်ပဲ ဖြစ်မှာပါ။ ရံဖန်ရံခါမှာတော့အမှတ်ထင်ထင် ရှိတတ်တာတွေကို မေ့လျော့ ထားချင်ပါတယ်။ တိတ်တဆိတ်နဲ့ ကြယ်တွေကို ကြည့်ငေးနေတတ်တဲ့အချိန်တွေကို လျော့ပါးစေချင်လို့ပါ။


တကယ်လို့များ မျက်ရည်ကျခြင်းဆိုတာ ဒေါသစိတ်ကြောင့် ဖြစ်ရတယ်ဆိုရင် ကျွန်မဟာဒေါသကြီးသူ တစ်ယောက် ဖြစ်မှန်မသိ ဖြစ်နေရပြီပေါ့။ အသံတိတ် မျက်ရည်ကျနေရတဲ့ အခါပေါင်းများစွာကိုကျွန်မ ပိုင်ဆိုင်ခဲ့ဖူးတာကိုးနော်..။


ချစ်ခြင်းဟာ ဒေါသစိတ်ကို ဖြစ်စေသလား။ ဟင့်အင်း..။ တရားသဘောနဲ့တော့ မချိန်ညှိပါဘူး..။ကိုယ့်ကိုယ်ကိုယ် မပြည့်ဝသူတစ်ယောက်အဖြစ် ခံယူရင်း နားမလည်တဲ့ အကြောင်းအရာတွေကိုနားလည်အောင် ကြိုးစားပေမယ့် လိုက်မမီနိုင်တဲ့ ကျွန်မဟာ နောက်ဆုံးတော့  ကြယ်တွေကို ရေတွက်သူ ဖြစ်မှန်မသိ ဖြစ်ခဲ့တယ်..။


၁.. ၂.. ၃.. .. .. .. .. ၁၉ .. ၂၀..  ၈၈.. ၈၉ .. ၉၀… ..  ..   ..  ..  ..


နံပါတ် ၉  ကတ္တီပါဖိနပ်တစ်ရံ..

သန်စွမ်းတဲ့ ဆံပင်ဖြောင့်ဖြောင့်နက်နက်များ..

မျက်တောင် တိုတိုစင်းစင်းများ..



အိပ်စက်ခြင်းတို့ကို အပြီးတိုင် သိမ်းယူသွားခဲ့တယ်…။




ပျိုးယုဝသုန်
13-11-2013
Wednesday (YGN)

Monday, 11 November 2013

စာမျက်နှာ ၃၃


၁။

မြို့ကလေးတစ်မြို့

လှပတယ်၊ သန့်ရှင်းတယ်။ မြက်ခင်းစိမ်းတွေနဲ့ တင့်တယ်ပြီး အိနြေ္ဒကြီးတယ်။  Night Life ကို ည ၁၂ နာရီ လောက်အထိသာ ခွင့်ပြုထားတယ်။

လှပတဲ့ ကမ်းခြေတွေနဲ့ ရေပြင် စိမ်းပြာရောင်တွေ ရှိတယ်။ သွားရလွယ်ကူတဲ့တောင်တန်း နိမ့်နိမ့်တွေ ရှိတယ်။ စိမ်းစိုနေတဲ့ သစ်တောမှိုင်းမှိုင်းတွေ ရှိတယ်..။ထင်းရှူးပင်တွေလည်း ရှင်သန် ပေါများတယ်..။ မြို့ကို ဖြတ်ပြီး ရစ်ခွေစီးဆင်းနေတဲ့ မြစ်တစ်စင်းလည်းရှိတယ်။

ကျွန်းတွေနဲ့လည်း မဝေးလှတဲ့ နေရာမှာတည်ရှိတယ်။ အင်အားပြင်း မုန်တိုင်း  တွေရဲ့ဘေးရန်ကနေ သဘာဝတရားက ကာကွယ်ပေးထားတဲ့ မြို့လည်းဖြစ်တယ်။ မြို့ပြဆန်သလောက် ငြိမ်သက်လှတယ်..။တစ်ပတ်မှာ ၄ရက်ခွဲလောက်သာ အလုပ်လုပ်တဲ့ သူတွေ အများစု နေကြတယ်..။

ပူနွေးတယ်။ မုတ်သုန်ဆန်တဲ့ ရာသီဥတုရှိတယ်။ နှင်းမရှိတဲ့ မြို့လည်း ဖြစ်သေးတယ်။နေရောင်ခြည်ရဲ့  စူးရှမှုကို ခံရပြီးလူတိုင်းနီးပါး မျက်မှန်တပ်တဲ့ မြို့ဖြစ်တယ်။ ဖိနပ်မစီးတဲ့ လူအချို့ ရှိတယ်။ သားပိုက်ကောင်သားကိုဈေးကွက်မှာ ရောင်းချတဲ့ မြို့လည်း ဖြစ်သေးတယ်။

နှေးကွေးတဲ့ ဝန်ဆောင်မှု ရှိတယ်။ အခွန်အတုတ် များတဲ့ မြို့လည်းဖြစ်တယ်။၂၄ နာရီ လျပ်စစ်မီး ရပြီး မီတာခလည်း ဈေးကြီးလှတယ်။ ယဉ်ထိန်းရဲတွေ အလုပ်များကြတယ်။High Way Petrol တွေ အလွန်အလုပ်လုပ် ကြတယ်။

ကောင်းကင်ကြည်လင်တဲ့မြို့ ဖြစ်တယ်။ နွေရာသီမှာ တောမီးမကြာမကြာ လောင်တတ်တယ်။မိုးမကြီးဘဲ ရေလွှမ်းမိုးမှု ဖြစ်တတ်ပြီး ရေစီးရေလာစနစ် အားနည်းတဲ့ မြို့လည်းဖြစ်တယ်..။

အဝလွန်သူ များတဲ့ မြို့ဖြစ်သလို အားကစား လိုက်စားသူများတဲ့ မြို့လည်းဖြစ်တယ်။

အဲ့ဒီမြို့လေးဟာ မျှော်လင့်ချက်တွေ အများကြီးနဲ့ ရောက်လာတဲ့ မိန်းမရွယ်တစ်ယောက်ကိုနွေးနွေးထွေးတွေး ကြိုဆိုခဲ့တယ်။


၂။

သူမ..။

သူမ အိပ်မက်တွေကို ပိုက်ရင်း မြို့ကလေးဆီကို ရောက်လာခဲ့တယ်။ တစ်ဝမ်းတစ်ခါးအတွက် ရရာအလုပ်ကို လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာပဲ သူမ စိတ်ဓါတ်တွေ ကျဆင်းခဲ့တယ်။မျက်ရည်ဆိုတာကို အဖော်ပြုရတဲ့ ရက်တွေများခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးခဲ့တယ်။

အဲ့ဒီမြို့ကလေးကပဲ ကျဉ်းမြောင်းတဲ့ သူမ အယူအဆ တွေကို ပြုပြင်ပြောင်းလဲပေးခဲ့တယ်။နာကျင်မှုတွေကို ဥပေက္ခာ ပြုတတ်လာခဲ့တယ်။ အဲ့ဒီမြို့ကလေးကပဲ သူမကို ရင့်ကျက် တည်ငြိမ်ခဲ့စေတယ်။အဲ့ဒီမြို့ကလေးမှာ သံတမန် အပြုံး ဆိုတာကို သင်ကြားတတ်မြောက် ခဲ့တယ်။ ပြီးတော့ မျက်လုံးနဲ့ထပ်တူညီမှု မရှိတဲ့ အပြုံးအရယ် သူမ မျက်နှာမှာ ခိုတွယ် လာခဲ့တယ်။

အဲ့ဒီမြို့လေးမှာပဲ ပညာရင်နို့ သောက်သုံးခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာပဲသူမ ပိုမိုကြံ့ခိုင် လာခဲ့တယ်။ အဲ့ဒီမြို့ကလေးကပဲ သူမကို အမြင်ကျယ်စေခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာနေရင်းသူမ မိတ်ဆွေအစစ်အမှန် ဆိုတာကို ရရှိခဲ့တယ်။ အတုအယောင် မိတ်ဆွေတွေကိုလည်း တွေ့ကြုံခဲ့တယ်။အဲ့ဒီမြို့ ကလေးမှာပဲ ရွေးစရာ လမ်းတွေကို တွေ့မြင်ခဲ့တယ်။ အဲ့ဒီ မြို့ကလေးမှာပဲ သူမပိုမို ရဲရင့်လာခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာပဲ အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိ သူမ ရရှိခဲ့တယ်။အဲ့ဒီမြို့ကလေးမှာပဲ သူမ သွေးအေးအေးနဲ့ အရာရာကို အပြုံးမပျက် ကြည့်တတ် လာခဲ့တယ်။

အဲ့ဒီမြို့ကလေးက သူမကို ဆေးရောင်တွေနဲ့ ပြန်လည်ထိတွေ့ခွင့်ပေးခဲ့တယ်။သံစဉ်တွေနဲ့ နီးစပ်လာခဲ့တယ်။ ပန်းပင်တွေ စိုက်တတ်လာသလို မြက်လည်းရိပ်တတ်လာခဲ့တယ်။အဲ့ဒီမြို့ကလေးမှာပဲ သူမ ဓာတုပစ္စည်းတွေနဲ့ရင်းနှီးခဲ့တယ်။

အေးစက်နေတဲ့ နှလုံးသားတစ်ခုနဲ့ ၅နှစ်တိတိ အဲ့ဒီမြို့လေးမှာ သူမ နေထိုင်ခဲ့တယ်။


၃။
နှုတ်ဆက်ခဲ့ပါတယ် မြို့ကလေး။

ဘယ်အချိန် ဘယ်ကာလမှာမှ မြို့ကလေးရဲ့ ရင်ခွင်ကို သူမ ပြန်လည်ရောက်ရှိလာဦးမယ်ဆိုတာ သူမ မသိခဲ့ပါ။ သေချာတာကတော့ ထို လှပတဲ့ မြို့ကလေးမှာ သူမအနာဂါတ်ရဲ့ အချိန်တွေကိုမြှုတ်နှံမထားမှာဖြစ်တယ်။

မြို့ကလေးမှာ နေခဲ့တဲ့ နောက်ဆုံးနေ့ရက်တစ်ရက်မှာ မြက်ခင်းတွေပေါ် သူမ ထိုင်ချလိုက်တယ်။ မြေသားတွေကို လက်နဲ့ ထိတွေ့ရင်း နေထိုင်ခဲ့တဲ့ အချိန်ကာလတွေအတွက် ကျေးဇူးတင်ကြောင်းမြို့ကလေးကို တီးတိုး ပြောခဲ့တယ်။ အဲ့ဒီနေ့က ကောင်းကင်ဟာ သိပ်မကြည်လင်ခဲ့ဘူး။ မိုးစက်လေးတွေတဖွဲဖွဲ စွေရင်း  သူမရဲ့ နှုတ်ဆက်ခြင်းအတွက်စိတ်မကောင်း ဖြစ်နေကြတယ်။

၎။

မကြာခင်မှာ သူမဟာ သူမ ယုံကြည်တဲ့ နွေးထွေမှုရှိတဲ့ နေရာကို သယ်ယူသွားမယ့်လေယာဉ်ကြီးပေါ်ကို တက်ခဲ့တယ်..။

၅။

လှပတဲ့မြို့ကလေးနဲ့ ညရဲ့ အဝါရောင် နီယွန်မီးတွေဟာ တိမ်တိုက်တွေအောက်မှာတဖြည်းဖြည်းနဲ့  ဝေဝါးရင်း..

၆။

တကယ်တော့ သူမဟာ  မြို့ကလေးကိုရောက်လာတဲ့ ဧည့်သည် တယ်ယောက်ပါ။



ပျိုးယုဝသုန်
(YGN)



Sunday, 10 November 2013

မနေ့ က စာ



မနေ့က ပို့လိုက်တဲ့  စာလေး ရရဲ့လား။

သစ်တော်သီးတွေ မှည့်တော့မယ်။

ပန်းဆိုတာ အချိန်တန်တော့ ကြွေတာပဲ ဆို..၊

ပန်းပင်တွေကို စိုက်ချင်နေတုန်း ချစ်တုန်းလား။

ဝတ်ရုံလွှာ ပြောင်းဝတ်တတ်တဲ့ မြို့မှာ မီးလင်းဖိုတွေ လင်းနေပြီ၊

အိမ်အပြန် ဇရာကို အပါ ခေါ်မှာလား။

ကျဉ်းကျပ် နေတဲ့မြို့က လွတ်လပ်ပေါ့ပါးသူ

လွတ်လပ်တဲ့ တိုင်းပြည်က စိတ်အကျဉ်း ကျနေသူ

ဘဝရဲ့ ထိုထို ဤဤ စကား .. နောက်နေ့ မနက်မှာ ကြားပါရစေ။

ပေးစရာတွေများ ရစရာတွေ များလွန်းတယ်.. ၊

ကြွေးတင်ရင် ဆပ်ပေးမယ့် ရှင်ဘုရင်လည်း ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီ။

စကားမစပ်..

အပြန်မှာ အာလူး တစ်လုံးလောက် ဝယ်ခဲ့ပါကွယ်..။



ပျိုးယုဝသုန်

Saturday, 9 November 2013

A Letter From Yesterday




Have you received a letter sent by yesterday?

Pears are going to ripe soon.

Flower will fall if in time,

Still loving growing flower plants?

Fire-places have light in the Color Changed Town,

Would you bring Aged when you back?

Free Man from narrow and tighten town,

Independent Kingdom and imprisoned soul..

Let me hear some words about life on tomorrow,

Sinking in debt and Sleeping King in History of the Past..

By the way,,

Bring a potato when you back.


Pyo Yu WaThone