ကျွန်မတို့သည် ကံကြမ္မာ၏ ဆွဲခေါ်ရာကို လိုက်ချင်ချင်
မလိုက်ချင်ချင် လိုက်နေကြရသည်။ ကံကြမ္မာသည် မည်သူဖြစ်သနည်း ဟု စဉ်းစားကြည့်သော် ကျေနပ်လောက်သာ
အဖြေသည် ထွက်မလာပါ။ ကံကြမ္မာကို မည်သူ ဖန်တီးသနည်းဟု သတ္တုချသော်မှ ကျွန်မတို့သည်ပင်
ကျွန်မတို့၏ ကံကြမ္မာကို ဖန်တီးကြသော သူများဖြစ်ကြောင်း သိရှိခဲ့ရသည်။ တကယ်တော့ ကံကြမ္မာဆိုသည်မှာ
ကျွန်မတို့ ပြုခဲ့သော အမှုတို့၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အကြောင်းအရာ နှုင့် အကျိုးဆက်များပင်
မဟုတ်ပါလား..။ ထိုအချင်းအရာတို့အတွက် ကျွန်မတို့တွင် ဆင်ခြေဆင်လက် ပေးခွင့်မရှိပါ။
အကြောင်းပြခွင့် မရှိပါ။ အရေးဆိုခွင့်မရှိပါ။ အခွင့်ထူးခံခွင့် မရှိပါ။ သက်ရောက်မှုတိုင်းအတွက်
ရရှိလာသော တန်ပြန်သက်ရောက်မှုများကို ကျွန်မတို့ ငြင်းပယ်ပိုင်ခွင့်မရှိပါ။
ရံဖန်ရံခါတွင် မရည်ရွယ်သော အမှားများကို ကျွန်မတို့
ပြုမိခဲ့ကြသည်ဆို၏။ ရံဖန်ရံခါတွင် မှားမှန်းသိသိနှင့် ပြင်ဆင်လိုစိတ်မရှိပဲ ရှေ့တိုးတတ်ခဲ့ခြင်းများလည်းရှိခဲ့တတ်ကြသည်
ဆိုပြန်၏။ ရံဖန်ရံခါ အမှန်ဟု ယုံကြည်ထားခြင်းများသည် မှားယွင်းမှုများ ဖြစ်နေတတ်သကဲ့သို့
မှားယွင်းသည်ဟု ထင်မှတ်ထားသည်များကလည်း မှန်ကန်သော လုပ်ဆောင်မှုများ ဖြစ်နေတတ်ကြသည်ဟု
ဆိုကြပြန်သည်။ မှားခြင်း မှန်ခြင်း
ဆိုသော ပညတ်ချက်များကို မည်ကဲ့သို့သော အရာများဖြင့် တိုင်းတာကြပါသနည်း။ တိုင်းတာရန်
အတိုင်းအတာသည် မှန်ကန်ပါရဲ့လား။
ကျွန်မတို့ တစ်ဦးတစ်ယောက်တိုင်းစီတွင် ကိုယ်ပိုင်
စံ သတ်မှတ်ချက်များ ရှိကြသည်။ ထိုအချက်များသည် တစ်ဦးနှင့်တစ်ဦး မည်သို့မျှ ထပ်တူညီအောင်
တူညီနိုင်ခြင်း မရှိကြပါ။ တိုအခါတွင် မည်သူသည် မှား၍ မည်သူသည် မှန်သည်ဟု သတ်မှတ်မည်နည်း။
လူတစ်ဦးသည် ဤတစ်ဦအပေါ်တွင် ကျေးဇူးမသိသူ ဖြစ်နေသော်လည်း
အခြားတစ်ဦးအပေါ်တွင် ကျေးဇူးပြုသူ ဖြစ်နေနိုင်သည် မဟုတ်ပါလား။ ထိုသူကို မည်ကဲ့သို့သတ်မှတ်မည်နည်း။
သူသည် တစ်ချိန်တည်းမှာပင် သစ္စာမရှိသူဖြစ်နေသကဲ့သို့ သစ္စာစောင့်သိသူလည်း ဖြစ်နေသည်မဟုတ်ပါလား။
အရာရာသည် ကံသေကံမ သတ်မှတ်၍ မရနိုင်..။
ကျွန်မတို့၏ ကံကြမ္မာကို ပြုပြင်နိုင်သူသည်
ကျွန်မတို့မှလွဲ၍ မည်သူမျှ မဖြစ်နိုင်ပါ။ မိမိ၏ ကံကြမ္မာ မလှပခြင်းသည် မိမိ၏အတိတ်ကပြုခဲ့သော
ကံအကြောင်းကြောင့်သာဖြစ်သည်။ အတိတ်သည် ဘဝ ဘဝေ ကဖြစ်နိုင်သကဲ့သို့ မနေ့က သို့မဟုတ်
လွန်ခဲ့သော စက္ကန့်အနည်းငယ်ကလည်း ဖြစ်နိုင်သည်။ ထို့အပြင် လွန်ခဲ့ပြီးသော ကာလများကလည်း
ဖြစ်နေသည် မဟုတ်ပါလား။ ဤအကြောင်းအရာသည် လူတိုင်းသိရှိပြီးဖြစ်သော်လည်း မလှပသော ကံကြမ္မာ
တစ်ခုခု နောက်သို့ လိုက်ပါရလျှင် တပါးသောသူအပေါ် ပြစ်တင်ပုံချ လိုတတ်ကြသည်။ ဤ
သည်မှာလည်း ကျွန်မတို့၏ လူ့သဘောသဘာဝသာ ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျွန်မတို့
ကိုယ့်ကိုယ်ကိုယ် ချစ်သောကြောင့်ဖြစ်သည်သာ။
လှပသော ကံကြမ္မာသည် ကျွန်မတို့၏ လက်ထဲတွင်ရှိသကဲ့သို့
အကျည်းတန်သော ကံကြမ္မာသည်လည်း ကျွန်မတို၏ လက်တစ်ကမ်းတွင်ပင်ရှိသည်။ မည်သို့သော ကံကြမ္မာကို ကျွန်မတို့ နှစ်လိုကြသနည်း။
မိမိနှစ်လိုသော အရာကို မိမိရွေးချယ်ရသကဲ့သို့ မိမိနှစ်သက်သည့်အရာကိုလည်း သူတပါးအား
ပေးရာ၏။
တခါတရံတွင် ကံတရားသည် လေပြည်လေညှင်းနှင့်တူသကဲ့သို့
ရံဖန်ရံခါတွင် အပြင်းနှင်နေသော မိုးသက်မုန်တိုင်းနှင့်တူသည်။ ထိုကဲ့သို့ မိုးသက်မုန်တိုင်းနှင့်
ရောပါမသွားစေနိုင်ရင် ကျွန်မတို့၏ စိတ်ရာသီဥတု သမမျှတာရန်လိုသည် မဟုတ်ပါလား..။
ဘဝဟူသည့် အချိန်တို တစ်ခဏလေး အတွင်းတွင် အေးချမ်းရာနေရာသည်
ကျွန်မတို့၏ စိတ်နှလုံးထဲမှလွဲ၍ အခြားတပါးသော နေရာတွင် မည်သို့သော အကြောင်းနှင့်မျှ
ရှိမနေနိုင်ပေ။
ကံကြမ္မာသည် မလှည့်စားတတ်ပါ..။ ကျွန်မတို့ကသာ
လှည့်စားတတ်ခြင်း မဟုတ်ပါလား။
PYWT
22-09-2013
Sunday (YGN)
1 comment:
ကံ ကံ ၏ အကျိုး ကို ယုံမိတယ် ။ ကံ ဆိုတာ အလုပ်ပါပဲ ။
ပြုပြင်လို့ ရတဲ့ ကံကြမ္မာ တွေ ရှိကို ရှိပါတယ် ... ။
Post a Comment