Wednesday 3 April 2013

အလင်းမှုန်နံနက် ကောက်ကြောင်း





ကြည့်လိုက်စမ်း …။

မိုးတွေအုံ့နေတာလား၊ နှင်းတွေကျနေတာလား၊ မြူတွေဆိုင်းနေတာလား။ မနက်ခင်းဟာ မနက်ခင်းနဲ့ မတူတဲ့မနက်တစ်ခုဖြစ်နေခဲ့တယ်။ မီးခလုတ်တွေကိုဖွင့်တော့ နိုးထလာတဲ့ ဟေလိုဂျင် မီးရောင်တွေဟာ အိမ်ထဲက မြူထုကို သိသိသာသာ ခွင်းပြီး မလင်းနိုင်ခဲ့ဘူး။ ရာသီဥတုဆိုးရွားမယ်လို့ သတင်းမှာ ကြေညာတာလည်း မကြားမိပါဘူး။ မြူတွေဒီလောက် ဆိုင်းနေတာတောင် ကိုယ်ခန္ဓာက အအေးငွေ့ကိုမရဘူး။ ရာသီဥတုတွေ ဖောက်ပြန် နေပြီးလား၊ အိုဇုန်းလွှာအပေါက်က ဒီနေ့မှ ပိုပြီး ကြီးသွားတာလား။


တိုင်ကပ်နာရီကလက်တံတွေကို မမြင်ရဘူး။ တချက်ချက်သွားနေတဲ့ စက္ကန့်သံတွေကို နားထောင်ရင်း အိပ်မက်တစ်ခုလားလို့ ထင်နေမိတုန်း..။ ရာသီဥတု အခြေအနေကို ကြည့်မယ်ဆိုပြီး အိပ်ယာဘေးက ကွန်ပျူတာကိုလှမ်းယူတော့ ခလုတ်တွေလည်း မှုန်ဝါးနေခဲ့တယ်။ ဖန်သားပြင်မှာပေါ်နေတဲ့ စာလုံးတွေဟာလည်း ဖတ်မရအောင် ဖြစ်နေခဲ့တယ်။ ဘေးပတ်ပတ်လည်ကို လိုက်ကြည့်တော့လည်း မြူခိုးမြူမှုန်တွေက ခြုံထားဆဲ..။ ထုံးစံအတိုင်း စာလုံးတွေကို ချဲ့ပြီး အားစိုက်ဖတ်ကြည့်တော့လည်း မရ .. မှုန်မှိုင်းနေတုန်းပဲ ..။မနေ့ညက သတင်းမှာတော့ ရာသီဥတုက မနက်ပိုင်း နေသာပြီး နေ့လည်ပိုင်း မိုးရွာနိုင်သတဲ့။ နေသာတဲ့ မနက်ခင်းမှာ မြူမှုန်တွေဟာ အိမ်ထဲမှာ ရှိမနေသင့်ပါဘူး။


တဖြည်းဖြည်းနဲ့ မြူထုတွေဟာ ပိုပိုပြီး သိပ်သည်းလာတယ်။  အဖြူရောင်မြုထုဟာ မီးခိုးရောင်ဘက်ကို ပြောင်းစပြုလာခဲ့တယ်။ ပတ်ဝန်းကျင်ကို အမှောင်ထုဟာ တဖြည်းဖြည်းချဉ်းကပ်လာတယ်။ မနက်ရောက်နေတာလား၊ ညနေစောင်းပိုင်းလား ဆိုတာကို ဒွိဟဖြစ်လာတယ်။ အဝေးကဖွင့်ထားတဲ့ ရေဒီယိုအသံကို ခပ်သဲ့သဲ့ ကြားရတယ်။ ကတ္တဝါ တစ်ကောင်ရဲ့ အစားမာန်သွင်းသံကို ဂီး ခနဲ တစ်ချက် ကြားလိုက်တယ်။  ပြင်းပြင်းထန်ထန် ကိုက်ခဲလာတဲ့ မျက်ခုံးရိုးတွေနဲ့ ဦးခေါင်းနောက်ပိုင်း ကြောင့်  အိပ်ယာနဘေးမှာ ရှိနေတဲ့ သောက်နေကျဆေးနှစ်လုံးကို ယူသောက်လိုက်ပြီးမှ မနက်စာ မစားရသေးမှန်း သတိရလာတယ်။ ဒါဆို ဒါဟာ မနက်ခင်းတစ်ခုပေါ့..။


မနက်ခင်းမှာ အမှောင်ထုတွေတဖြည်းဖြည်း ဝင်ရောက်လာတာ ဘာ့ကြောင့်လဲ။ နံရံမှာမြှုတ်ထားတဲ့ ဟေလိုဂျင်မီးရောင်တွေလည်း တဖြည်းဖြည်း အားနည်းလာခဲ့တယ်။ ဘုရားရေ .. ဒါ .. တစေ ခြောက်နေတာလား။ အဖြည်းဖြည်းနဲ့ မီးခိုးရောင်တွေဟာ ရင့်သည်ထက်ရင့်လာတယ်။ အံ့သြစိတ်နဲ့ မင်သက်နေတုန်းမှာပဲ အနက်ရောင် ဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ ဖယောင်းတိုင်ဘယ်မှာလဲ၊ မီးခြစ်ဘယ်မှာလဲ၊ ပျက်လေ့ပျက်ထ မရှိတဲ့ လျပ်စစ်မီးဟာ အကြောင်းတစ်ခုခုကြောင့် ပျက်သွားတာလား။ ဖျုစ် ပြတ်သွားတာလား။ မျက်နှာရှေ့မှာ လက်တွေဝှေ့ရမ်းကြည့်တော့ လက်တွေကိုတောင် မမြင်ရအောင် မှောင်မိုက်နေခဲ့တယ်။ မျက်တောင်ခတ်နေတာကို သိနေသေးတဲ့အတွက် အိပ်ပျော်နေတာ အိပ်မက်နေတာ မဟုတ်မှန်လည်း သိခဲ့တယ်။ ဘုရားရေ .. ဘာတွေဖြစ်ကုန်ပြီလဲ..။ တစ်ခုခု မှားယွင်းနေပြီလား။ စဉ်းစားရင်း ပိုမိုကိုက်ခဲလာတဲ့ ဦးခေါင်းကို လက်နဲ့လှမ်းကိုင်မိချိန်မှာ နာကျင်ကိုက်ခဲမှုဟာ တမဟုတ်ချင်း လျော့ပါးသွားခဲ့တယ်..။


XXX                   XXX                  XXX                  XXX                  XXX                  XXX

စူးစူးရှရှ မြည်လာတဲ့ အသံတစ်ခုကြောင့် ဒါ တစ်ယောက်ယာက်ဆီက ဖုန်းခေါ်နေတာလို့ သိလိုက်တယ်။ လေးလံနေတဲ့ မျက်လုံးတွေကို မဖွင့်ဘဲ ခေါင်းရင်းဘေးက စားပွဲပုလေး အပေါ် တင်ထားတဲ့ ဖုန်းကို လှမ်းယူလိုက်ချိန်မှာ ဖုန်းမြည်သံက တိတ်သွားခဲ့တယ်။ မျက်လုံးကို အသာဖွင့်ပြီး ကြည့်လိုက်ချိန်မှာတော့ ဖုန်းထဲမှာ ပြနေတဲ့နာရီက 3:45PM တဲ့။


ပြီးတော့ ညအိပ်မီးအိမ်လေးနဲ့ ကပ်လျက်က ရေတကောင်းလေးနဲ့သောက်လက်စ ရေဖန်ခွက်တစ်ခွက်၊ ပြီးတော့ သောက်ဆေးအချို့တို့ရဲ့ အခွံတွေ။ ထိန်လင်းနေတဲ့ ဟေလိုဂျင် မီးရောင်ဟာ ပြင်ပအလင်ထက်ကို ပိုနေသလိုလို..။ မီးတွေကို ပိတ်ရင်း သို့လော သို့လော အတွေးတွေဟာ ဦးခေါင်းထဲကို အဆက်မပြတ်ဝင်ရောက်လာခဲ့တယ်..။


ဟင့်အင်း .. လက်မခံနိုင်ပါဘူး..။ ဒါဟာ အဖြစ်မှန် မဟုတ်နိုင်ပါဘူး..။ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တစိခုရဲ့ ဇတ်ဝင်ခန်းတစ်ခု ဖြစ်နိုင်တယ်..။ ဒါဟာ ဆောင်းတွင်း အိပ်မက်တစ်ခုသာ ဖြစ်မှာပါ။  ဒါဟာ တစေခြောက်ခြင်း တစ်ခုသာ ဖြစ်မှာပါ..။ ဒါမှမဟုတ် အတွင်းစိတ်ရဲ့ လှည့်စားမှုသာ ဖြစ်မှာပါ..။


သို့သော် လက်တို့ကတော့ တယ်လီဖုန်းဆီလှမ်းမိကာ နံပါတ်အချို့တို့ကို နှိပ်လိုက်သည်။


“Hello,  Good Afternoon, Holy Cross Neuro Clinic, Tina speaking .. How may I help you..”



‘ Hi, Good Afternoon Tina, I’d like to get an appointment with Dr. Mike on tomorrow morning or as soon as possible..’



“Well  Ma'am ..  may I get  your Sir  Name  Please … ”



‘ Sure, my name is …………….. ..’





ပျိုးယုဝသုန်
11:32:18 PM
02-04-2013
Tuesday (BNE)

No comments: