၁၂-၁၂-၂၀၁၂
ဒီနေ့မှာ အမှတ်တရ တခုခု လုပ်ချင်ခဲ့တယ်။ ဘာလုပ်ရရင် ကောင်းမလဲလို့လည်း
ကြိုတင် စဉ်းစားမိတယ်။ ကိုယ်လည်းကျေနပ်မယ့် သူတစ်ပါးအတွက်လည်း အကျိုးရှိမယ့် အရာလည်း
ဖြစ်စေချင်ခဲ့တယ်။ အဲဒီ အချိန်မှာ စိတ်ကူးလေးတစ်ခု ရခဲ့တယ်။ ဒီစိတ်ကူးကို ကူးမိတဲ့
အချိန်က အောက်တိုဘာလရဲ့ အလယ်.. စားမေးပွဲအတွက် စာတွေနဲ့ နပမ်းလုံးနေချိန်...။
ရန်ကုန်မှာဆို သွေးလှူဖို့ဆိုတာ အိမ်က လုံးဝ သဘောမတူပါဘူး။ သူတစ်ပါးတွေ
အတွက် အခက်အခဲမရှိပဲ လှူနိုင်နေတဲ့အချိန်မှာ ကိုယ်က မလုပ်နိုင်ခဲ့ဘူး။ မောင်လေးအမြဲပြောတဲ့
စကားက “တစ်လုံးထုတ်ပြီး နှစ်လုံးသွင်းနေရမယ်.. အေးအေးနေ”တဲ့..။ ဟုတ်တော့လည်း ဟုတ်ပါတယ်..။
ဟေမိုဘလိုဘင်က အမြဲတမ်း ၁၀၀နဲ့ ၁၀၀ အောက် ရောက်နေတော့ သွေးလှူဖို့လည်း မသင့်လျော်ဘူးပေါ့။
ဒါပေမယ့် လုပ်ချင်တဲ့ စိတ်ကလည်း များနေခဲ့တယ်။
အဲ့ဒီမှာပဲ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်မှုတွေစခဲ့တယ်။ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်၊
အသည်း စတာတွေကို နေ့တိုင်း စားဖြစ်အောင် စားခဲ့တယ်။ တတ်နိုင်သလောက် ပဋိဇီဝ ဆေးတွေကိုလည်းရှောင်ခဲ့တယ်။
တစ်နေ့ကို အိပ်ချိန် ၇ နာရီ နဲ့ ၈နာရီ ရအောင် အိပ်ခဲ့တယ်။
ဒီလိုနဲ့ နိုဝင်ဘာလကုန်ပိုင်းမှာတော့ အဘယ်ဆေးဝါးကိုမှ မသောက်တော့ပဲ
ရှောင်ခဲ့တယ်။ ၁၀ ရက်နေ့မှာတော့ Blood Centre ကိုသွားလိုက်တယ်။ Plasma လှူမှာလား၊
Platelet လှူမှာလား၊ Whole Blood လှူမှာလားဆိုတော့ ခပ်တည်တည်ပဲ၊ Whole Blood လှူမှာလို့
ပြောလိုက်တယ်။ ဒါနဲ့ သူတို့ သွေးထဲမှာ ပါတဲ့ ဟေမိုဂလိုဘင်နဲ့ သွေးအမျိုးအစား ကို
စစ်ပေးတယ်။ အရင်က သွေးအမျိုးအစားက A
မှန်းသိပေမယ့် A+လား၊ A-လား မသိဘူး။ Result က ကောင်းပါ့။ 120g/L ..။ ဒီတော့
လှူချင်တဲ့ ရက်နဲ့ အချိန်ကို ပြောပြီး ပြန်လာခဲ့တယ်။ Whole Blood လှူလို့ ရပါတယ်တဲ့။
ကျေနပ်သွားခဲ့တယ်။
၁၂ ရက်နေ့ မနက်ရောက်တော့ Blood Centre က ဖုန်းဆက်လာတယ်။ သွေးမလှူခင် ၃နာရီ
မှာ ရေ အနည်းဆုံး ၄ခွက်လောက်သောက်ထားပါတဲ့။
ဒါနဲ့ နေ့လည်စာကို စောစောစားရင်း ရေနွေးနွေးရော အေးအေးရော နိုင်သလောက်သောက်ထားလိုက်တယ်။
နေ့လည် ၂နာရီ ကျော်မှာ Blood Centre ကို ထွက်သွားလိုက်တယ်။ လိုအပ်တဲ့ Form တွေကို
ဖြည့်ရတာကတင် မိနစ် ၂၀လောက်ကြာသေးတယ်။ ပြီးတော့ သွေးပေါင်ချိန်တွေ ဘာတွေတိုင်းပြီး
သွေးယူတဲ့ အခန်ထဲကို ရောက်လာခဲ့တယ်။
သွေးယူတဲ့ အခန်းက မြန်မာပြည်က ရုပ်ရှင်တွေထဲမှာလို ကုတင်တွေနဲ့ မဟုတ်ဘူးပဲ။
လိုသလို ညှိယူလို့ရတဲ့ သားရေထိုင်ခုံတွေနဲ့ တခါမှ မမြင်ဖူးတဲ့ ကရိယာတွေကလည်း ခုံနောက်မှာ
တန်းစီလို့..။ ဒီလိုနဲ့ ထိုင်ခုံမှာထိုင်ခိုင်းရင်း ခုံကို သက်သောင့်သက်သာ
ပုံစံဖြစ်အောင် ထိန်းညှိပေးတယ်။ သွေးမထုတ်ခင်မှာ လိမ္မော်ဖျော်ရည်တစ်ခွက်လည်း လာတိုက်လိုက်သေးတယ်။ ပြီးတော့မှ သွေးထုတ်ဖို့ သွေးကြောစမ်းတယ်။
ပထမ ဘယ်ဘက်လက်မှာရှာတော့ သွေးကြောက သေးနေတဲ့ အတွက် ယာဘက်လက်မှာ ရှာတယ်..။ ရတော့မှ သွေးကိုထုတ်ယူတယ်။
သွေးထုတ်ရာမှာလည်း အင်မတန်ညင်သာလှတယ်။ သွေးအိတ်ကို စက်တွေတပ်ထားတဲ့ ဗန်းကလေးပါတဲ့
Scale လေး ပေါ်တင်ထားတာကြည့်လိုက်မိတယ်။
ထုတ်နေရင်းမှာပဲ လက်တွေရော ခြေထောက်တွေရော အေးစက်လာတာနဲ့ ဆီလီကွန်အိတ်လေးတွေကို
မိုက်ခရိုဝေ့ဖ် ထဲထည့်အပူပေးပြီး လက်ထဲလာထည့်ပေးတယ်။ ကျန်တဲ့အိတ်တွေကို ပခုံးအောက်
၊ လက်မောင်းအောက်နဲ့ လက်ဖျံအောက်မှာ ထားပေးရင်း ဂွမ်းစောင်ထူထူတစ်ထည်နဲ့လည်း ခြေထောက်တွေကို
လာပြီးဖုံးပေးထားတယ်။ ပြီးတော့ သွေးက မကျလို့ဆိုပြီး ခုံကိုလည်း ထပ်မြှင့်ရသေးတယ်။
နောက်တော့လည်း အောင်မြင်စွာ ထုတ်ယူလို့ ရသွားခဲ့ပါတယ်။
ပြီးတော့ ထိုင်ခုံက မထခိုင်းသေးဘဲ ပန်းသီးဖျော်ရည် တစ်ခွက် လာတိုက်တယ်။
ပြီးတော့ ဧည့်ခန်းမှာ ထိုင်ခိုင်းရင်း မုန့်မျိုးစုံ၊ ကော်ဖီ၊လက်ဖက်ရည်၊ အအေး မျိုးစုံနဲ့
ဧည့်ခံပါသေးတယ်။ ပြီးတော့ ကျေးဇူးတင်ကဒ်ကလေး လာပေးတယ်။ ၃ရက်အတွင်း ရှောင်ရမယ့် အရာတွေကိုလည်း
စာအုပ်ကြီးအတိုင်း ပြောလိုက်ပါသေးတယ်။ နောက် ထပ် ဘယ်တော့ထပ်လှူလို့ ရသေးလဲလို့မေးတော့
၁၂ပတ်အကြာ မတ်လ ၆ရက်နေ့မှာ ထပ်လှူလို့ပါသတဲ့..။
သြတြေးလျားဟာ ဘယ်ကုန်မြေနဲ့မှ ဆက်စပ်မှုမရှိတဲ့ ကျွန်းကြီး တစ်ကျွန်း
ဖြစ်သည်နှင့်အညီ ရှိပြီးသားလူတွေနဲ့ နောက်ထပ် ရောက်ရှိလာသူတွေရဲ့ ကျန်မာရေးကိုလည်း
အထူးဂရုပြုတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့် ကူးစက်ရောဂါတွေကို စနစ်တကျ
ကာကွယ် ကုသလေ့ရှိကြတယ်။ မြန်မာပြည်မှာ အဖြစ်အများဆုံး ရောဂါတွေဖြစ်တဲ့ ခွေးရူးပြန်ရောဂါ၊
ငှက်ဖျားရောဂါ နဲ့ HIV တို့ကြောင့် သူတို့က မြန်မာပြည်က လာတဲ့သူတွေ၊ မြန်မာပြည်မှာ
၆လနှင့် အထက် နေဖူးတဲ့ သူတွေဆိုရင် သွေးကို အရင်စစ်ပြီးမှ လက်ခံလေ့ရှိကြပါတယ်။
တကယ်လို့များ မြန်မာပြည် မပြန်ဖြစ်သေးဘူးဆိုရင်တော့ မတ်လ ၆ရက်နေ့မှာ
နောက်ထပ် တစ်ခါသွားလှူဖြစ်မှာပေါ့။ ပြန်ဖြစ်တယ်ဆိုရင်တော့ ပြန်လာပြီး ၄လ အကြာမှာမှ
လှူလို့ ရတော့မှာပါ။ ဘယ်လိုဖြစ်ဖြစ် ကိုယ်လုပ်ချင်တာလေးကို လုပ်ခွင့်ရလိုက်တဲ့အတွက်
ဒီနေ့ရက်တွေမှာ နေရတာ ယခင့် ယခင်သော အချိန်တွေထက် ကျေနပ်စရာ ကောင်းပါတယ်။
တကယ်တော့ ၁၂-၁၂-၂၀၁၂ ဟာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ခြင်း ဆိုတဲ့ လက်ဆောင်
ပြန်ပေးခဲ့တဲ့ နေ့လေးတစ်နေ့သာ …။
ပျိုးယုဝသုန်
13-12-2012
Thursday (BNE)
4 comments:
လေးစားမိတယ် မမဝသုန်။
အမှတ်တရနေ့လေးမှာ အမှတ်တရဖြစ်သွားတယ်နော်။
ဂုဏ်ယူပါသည် သူငယ်ချင်း... ငါလည်းသွေးလှူဖို့လုပ်ဖူးတယ်..သွေးပေါင်ကျနေတာနဲ့ မလှူလိုက်ဘူး ...
မွန်မြတ်တဲ့အလုပ်တစ်ခု အောင်မြင်သွားတာပေါ့ ၀သုန်ရေ။ တူညီတဲ့အကျိုးခံစားရမှာပါး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သွေးအုပ်စု = အေ
Post a Comment