မမမှာ လုပ်ငန်းပိစိကလေးတစ်ခု ရှိပါတယ်။ အဲ့ဒီအလုပ်ကလေးဟာ
အိမ်အတွင်းပိုင်းနဲ့ ပတ်သက်တာ မှန်သမျှအကုန်လုပ်တဲ့ အလုပ်တစ်ခုပေါ့။ ပေပွနေသော ဆောက်ပြီးကာစ အိမ်တွေနဲ့ ရောင်းရန်၊ငှားရန်အတွက် ဈေးကွက်ပေါ်တင်မယ့် အိမ်တွေကို လူနေရန်အဆင်သင့်ဖြစ်အောင် ပြုပြင်ပေးခြင်း၊ သန့်ရှင်းပေးခြင်း၊ လိုက်ကာဆင်ပေးခြင်း၊
ဆေးသုတ်ပေးခြင်း၊ နံရံမှ အစွန်းအထင်းများ ချွတ်ပေးခြင်း အစရှိတဲ့အလုပ်မှန်သမျှကို
လုပ်တဲ့ လုပ်ငန်းလေးတစ်ခုပါ။
တစ်နေ့မှာတော့ အလုပ်အပ်သူတစ်ယောက်က သူ့အိမ်ကို
မျက်နှာကျက် မှ မီးအိမ်များ ပြောင်းလဲတပ်ဆင်ရန်နှင့် လူနေရန်အဆင်သင့်ဖြစ်အောင် ပြုလုပ်ပေးရန်
ပြောဆိုလာတယ်။ ဒီတော့ မမလည်း အိမ်ကို သွားကြည့်ခဲ့တယ်။ အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းတစ်ခန်းနှင့်
မီးဖိုတစ်ခန်း၊ ထမင်းစားခန်းနှင့် ဧည့်ခန်းတွဲလျက်တစ်ခန်းသာပါရှိတဲ့ Unit လေး တစ်ခုသာဖြစ်တာကြောင့်
လုပ်ငန်းသဘောအရ ၈ နာရီလောက်သာ ကြမြင့်မယ်လို့ တွက်ချက်လို့ရခဲ့တယ်။
ဒါနဲ့ အလုပ်လုပ်သူ တစ်ယောက်တည်းနဲ့နိုင်နင်းတဲ့
အလုပ်မျိုးဖြစ်တာကြောင့် တစ်ယောက်တည်းပဲ
ထားရန်ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ အလုပ်လုပ်မယ့် အမျိုးသမီးလေးကို လုပ်ကိုင်ရမယ့်
အရာတွေသေချာပြောပြပြီး မမလည်း ခန့်မှန်းဈေးနှုန်း တွက်ချက်ပေးရန် ချိန်းဆိုထားတဲ့
နေရာ တွေဆီ ထွက်လာခဲ့တယ်။ အိမ်ရှင်တွေရဲ့လိုအပ်မှုတွေကို သေချာလိုက်မှတ်ရင်း တွက်ချက်စရာရှိတာတွေ
တွက်ချက်ပြီး ခန့်မှန်းခြေ ကျသင့်ငွေကို ပြောပြီးတဲ့အချိန်မှာ နေ့လည်ကိုတော်တော် ကျော်နေခဲ့ပြီ။
နေ့လည်စာ စားမှပဲ ဆိုပြီး အိမ်ပြန်လာပြီး ရှိတာလေး စာမယ်လို့ ပြင်ဆင်နေချိန်မှာပဲ
ဖုန်းက ဝင်လာခဲ့တယ်။
“အစ်မရေ မျက်နှာကျက်က မီးအိမ်တွေက တပ်လို့မရဘူး၊
ပြီးတော့ ရေချိုးကန်ပတ်လည်က ကြွေပြားတွေကြား နဲ့ ဘုံပိုင်ခေါင်းခြေရင်းတွေက မှိုတွေက
ဘယ်လိုမှ ဆေးချလို့မရဘူး၊ ဘယ်လောက်ပဲ စတီးလ် အမျှင်တွေနဲ့တိုက်လည်း မထွက်ဘူး” တဲ့။
အဲ့ဒီမှာဘုရားတရတော့တာပါပဲ။ ဒါနဲ့ပဲ စားပွဲပေါ်က ရှိတဲ့ စားစရာတွေကို ကောက်စားပြီး
လုပ်ငန်းခွင်ရှိတဲ့နေရာကို ပြေးသွားခဲ့ရတယ်။ ထိုနေရာကိုရောက်တော့ ကောင်မလေး ပြောတဲ့အရာတွေကိုကြည့်လိုက်တော့
ဘာလုပ်ရမယ်ဆိုတာကို တွက်ချက်လို့ ရခဲ့တယ်။ သူမကို အသုံးပြုခွင့် ပေးထားတာက
Medium Bleach ဖြစ်တာကြောင့် ကြွေပြားကြားတွေထဲမှာ အနက်ရောင်လိုင်းတွေဟာ မထွက်နိုင်ဘူးဖြစ်နေပုံရတယ်။
မမတို့ရဲ့အလုပ်ဟာ အခြေခံအားဖြင့် ဓါတုပစ္စည်းတွေကို
အနည်းနဲ့ အများ အသုံးပြုရတာကြောင့် လက်အိတ်၊ မျက်မှန်၊ မျက်နှာဖုံးတို့ကို တပ်ဆင်ရတယ်။
အပေါ့စားဓါတုပစ္စည်းတွေ ဖြစ်တဲ့ အိပ်သုံးဓါတုပစ္စည်းတွေသာ ကိုင်တွယ်ကြရင်တော့ မျက်နှာဖုံး
၊ မျက်မှန်တို့ကို မသုံးပဲ လက်အိတ်လောက်သာ သုံးကြပါတယ်။ ဒီလိုနဲ့ မမလည်း ကားထဲမှာအဆင်သင့်ထည့်ထားလေ့ရှိတဲ့
Very Strong Bleach ဗူးကိုယူခဲ့လိုက်တယ်။ ဗူးမဖွင့်ခင်မှာပဲ ချည်သားလက်အိတ်တစ်ထပ်
ဝတ်ပြီး Rubber Glove အရှည်တစ်စုံကို ဝတ်ရတယ်။ ပြီးတော့ လက်အိပ်ကို လက်ဖျားတွေဘက်
ပြန်ခေါက်လိုက်တယ်။ အကယ်၍များ ဆေးတွေမတော်တဆ စီးကျရင် ကာကွယ်ပြီးသားဖြစ်အောင်လို့ပေါ့။နောက်တော့
မျက်မှန်တပ်ရင်း မျက်နှာဖုံးကိုတပ်ရတယ်။ ပြီးတော့မှာ Bleach တွေကို မှိုရှိရာတစ်ဝိုက်လိုက်ပြီး ဖြန်းလိုက်တယ်။
တကယ်တော့ Bleach ဟာ PH Level မြင့်တဲ့ Base အမျိုးအစား
Hypochlorite များသာဖြစ်တဲ့အတွက် Vinegar တို့ Ammonia တို့နဲ့တွေ့ထိမိတဲ့အခါမှာ
ဓါတ်ပြုပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်ငွေ့ကို ထုတ်လွှတ်လေ့ရှိပါတယ်။ ဒါကြောင့်
Bleach မသုံးခင်မှာ အနီးအနားမှာ Vinegar တို့ Ammonia တို့ ရှိမနေအောင် သတိထားရပါတယ်။
Bleach တွေဖြန်းထားပြီး နာရီဝက်မျှ အကြာမှာ ရေအေးနဲ့
ဆေးချလိုက်တဲ့အခါ တော်တော်များများသော အနက်ရောင် မှိုတို့ဟာ မရှိတော့ပါဘူး။ ဒါပေမယ့်
ကျန်ရှိနေသေးတဲ့ အတွက် နောက်ထပ်တစ်ခါ ထပ်ဖြန်းရပါတယ်။ အထူးသဖြင့် ဘုံပိုင်ခေါင်းခြေရင်းနဲ့ကြွေပြားကြားဆုံရာနေရာတွေပေါ့။
ဒီလိုနဲ့ နောက်ထပ် နာရီဝက်အကြာမှာ ရေဆေးချလိုက်တဲ့အခါ မှိုတွေမရှိတော့တဲ့ ဖြူစင်တဲ့
ကြွေပြားကြားက လိုင်းလေးတွေဟာ လှပစွာ ပေါ်ထွက်လာပါတော့တယ်။ အပြင်းစား ဓာတုပစ္စည်းတွေ
ကိုတော့ မမက အလုပ်လုပ်သူတွေကို အသုံးပြုခိုင်းလေ့မရှိပဲ ကို်ယ်တိုင် ကိုင်တွယ်ပါတယ်။
ဓါတုပစ္စည်းတွေရဲ့ အကျိုးအပြစ်တွေဟာ သေသေချာချာ မသိတဲ့ သူတွေသုံးစွဲရင် အန္တရာယ် ရှိနိုင်လို့ပါ။
မှိုကိစ္စပြီးတဲ့ နောက်မှာ မီးအိမ်တပ်ဆင်ခြင်းဆီကို
ခြေဦးလှည့်ရပါတယ်။ မျက်နှာကျက်မှာ တပ်ဖို့ရွေးထားတဲ့
မီးအိမ်တွေဟာ လည်တံတိုမီးအိမ် အမျိုးအစားတွေ ဖြစ်နေတဲ့အတွက် တပ်ဆင်ရာမှာ အခက်အခဲ ဖြစ်နေခဲ့တာပါ။
ပြန်လဲဖို့ရာကလည်း အကုန်ဖောက်ပြီးသား ဖြစ်နေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဒီလိုနဲ့ပဲ
မျက်နှာကျက်ရဲ့ မီးအိမ်တွေကိုလည်း ကိုယ့်ဘာသာ ပဲ တပ်လိုက်ပါတော့တယ်။
အားလုံး ပြီးစီးလို့ ပြန်တဲ့အခါမှာ အလုပ်လုပ်တဲ့ကလေးမကိုလည်း
ဆောင်ရန်၊ ရှောင်ရန်ကို သေချာပြောလိုက်ပါသေးတယ်။ သူကိုယ်တိုင် အပြင်းစား ဓါတုပစ္စည်းတွေကို
မကိုင်တွယ်ပေမယ့် မမအနားမှာ ကူညီပေးနေတဲ့အတွက် ထိုဓါတုပစ္စည်းတွေရဲ့ အငွေ့အသက်တွေဟာ
သူမရဲ့ကိုယ်ခန္ဓာ၊ ဆံပင်နဲ့ အဝတ်အစားတွေမှာ ကပ်ညိနေမယ်ဆိုတာ အသေအချာပါပဲ။ အိမ်ပြန်ရောက်တဲ့အခါမှာ
ခြေလက်တွေကို လက်မောင်းရင်းမှ ပေါင်အရင်းမှ ရေအေးနဲ့ ၅မိနစ်စီမျှ ဆေးချဖို့နဲ့ မည်သည့်
ဆပ်ပြာမှ မသုံးဖို့ ၊ ခြေလက်တွေကို ရေအေးနဲ့ ဆေးပြီး နောက်ထပ် ၁နာရီလောက်ကြာမှ ရေချိုးဖို့၊
ရေချိုးရာမှာလည်း ရေပူကို ချက်ချင်းမသုံးဖို့၊ ရေအေးနှင့် ၅မိနစ်မျှ ဦးဆုံး ချိုးပြီးမှ
ရေပူကို သုံးဖို့၊ ဆပ်ပြာတိုက်ဖို့ကို သေသေချာချာ မှာလိုက်ရပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့
အချို့သော ရေချိုးခန်းသုံးပစ္စည်းတွေမှာ Ammonia ပါဝင်နေတတ်လို့ဖြစ်ပါတယ်။
မမပြောတဲ့အတိုင်းသာမလုပ်ပဲ အိမ်ပြန်ရောက်ရောက်ချင်း
ခေါင်းလျော်ရေချိုးခြင်းကို ရေနွေးသုံးပြီး ပြုမယ်ဆိုရင်တော့ နောက်တစ်နေ့တွင် ထိုမိန်းကလေးဟာ
မျက်ရည်ပူများ ကျခြင်း၊ မူးဝေခြင်း၊ နှာခေါင်းတွင်းမှ အရည်ကြည်များ အဆက်မပြတ်ကျခြင်း၊
အခန့်မသင့်လျင် အော့အန်ခြင်း ဖြစ်ကာ နောက်တစ်နေ့တွင် အလုပ်လုပ်နိုင်တော့မည် မဟုတ်တော့ပါ။
မမဝသုန်
1:10:25 AM
25-11-2012
Sunday (BNE)
5 comments:
ကျေးဇူးတင်လိုက်တာ မမ ရယ် ။ အတော်ဘဲ အိမ်မှာ သန့်ရှင်းရေး လုပ်နည်း သိသွားပြီ။
မှတ်သားစရာပါပဲ... ပျိုးရေ...
မမရယ် အန္တာရယ်တော့ အတော်များတယ်နော်
ကျေးဇူးတင်လိုက်တာ မရယ်..မှတ်သားစရာလေးဆိုတာထက် သိထားဖို့ကိုလိုတဲ့အရာတွေပါ...
ဗဟုသုတ တွေအတွက် ကျေးဇူးပါ မ၀သုန်။
That's great!!
Post a Comment