ရေချမ်းစင်ဆိုသည်များကို မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင်သာမက မြို့ပြဒေသ၏
နေရာအနှံ့တွင်တွေ့ရှိနိုင်ပေသည်။ ရေချမ်းစင်ကလေးများသည် မြန်မာလူမျိုးတို့၏ စေတနာနှင့်
ယင်းစေတနာ၏ အေးမြမှုကို ကိုယ်စားပြုထားသော မှတ်တိုင်ကလေးများ ဖြစ်ကြသည်။
စပါးပင်ပေါက် စိမ်းစိမ်းကလေးများအောက်ခံထား၍ ရေအရောင်ဖြင့် စိုလက်နေသော
ရေချမ်းစင်များသည် အဝေးမှလာသူ၊ နေပူထဲမှ လာသူများ၏ မောပန်းမှု၊ ပူလောင်မှုတို့ကို
မြင်ရရုံနှင့်ပင် အေးမြစေသည်။ အမောအပန်းပြေစေသည်။ သဲအိုးကလေးများထဲမှ ရေကြည်အေးအေးတို့သည်
သောက်သုံးရသူ၏ နှုတ်ဖျားမှ ရင်တွင်းတိုင်အောင် အေးမြစေ၍ လန်းဆန်းစေခဲ့သည်။
ရေချမ်းစင်ဟူသော အရာတို့ကို မြန်မာနိုင်ငံ မှတပါး အခြားတပါးသော တိုင်းပြည်တို့တွင်
မမြင်ဖူး၊ မတွေ့ဖူးပါ။ ကမ္ဘာ့နေရာအနှံ့ မရောက်ဖူးသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ရေချမ်းစင်ယဉ်ကျေးမှုသည် မြန်မာလူမျိုးတို့အလယ်တွင် မည်သည့်ရာစု၊ မည်သည့်ခုနှစ်တွင်
စတင်ဖြစ်ပေါ်လာသည်ကို ကျွန်မ မသိပါ။ ဤသည်မှာ ကျွန်မ၏ အားနည်းချက်တွေထဲမှာ တစ်ခုသာ
ဖြစ်ပါသည်။ သို့ရာတွင် အိမ်ရှေ့၌ နေရာရှိလျှင် ရေချမ်းစင်တည်လိုသော စိတ်ဆန္ဒသည် မည်သည့်အခါကမှ
ပျောက်ပျက်သွားခြင်း မရှိခဲ့ပါ။
သို့ရာတွင်ထိုကဲ့သို့ ရေအရောင်တဖိတ်ဖိတ်တောက်နေသော၊ စပါးပင်ပေါက် စိမ်းစိမ်းကလေးများ၏
အလယ်တွင် တည်ရှိနေသော သဲအိုးလေးများနှုင့် တင့်တယ်လှသော ရေချမ်းစင်ကလေးများကို မမြင်မတွေ့ရသည်မှာ
ဆယ်စုနှစ် တစ်စုကို အတန်ပင် ကျော်ခဲ့ပြီ။ သဲအိုးကလေးများ၏နေရာတွင် အရောင်တဖိတ်ဖိတ်လက်နေသော
သံမဏိရေစည်များ၊ ရေအိုးများ၊ ကော်ဖြင့်ပြုလုပ်ထားသော ရေသန့်ဟု အမည်တပ်ထားသော ရေအိုးများ
အစားထိုး နေရာယူလာကြသည်မှာ ကြာခဲ့ပြီ။ စေတနာရှင်တို့၏ မပျက်စီးစေလိုသော စိတ်စေတနာ
အလျောက် ပျက်စီရန် မလွယ်ကူသော ရေစည်ရေဗူးများ လှူဒါန်းလာခြင်း၏နောက်ကွယ်တွင် အေးမြလှသော
သဲအိုးကလေးများသည် မြင်ကွင်းများထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်ခဲ့လေသည်။
နွေရာသီ နေပူပူထဲတွင် သဲအိုးထဲမှာရေချိုမြမြ ၏ အရသာသည် သံမဏိစည်များ၊
ရေသန့်ကော်ဗူးများထဲမှ ရေနွေးနွေးတို့ထက် အဆပေါင်းများစွာ သာလွန်စွာပင် အေးမြမှုကို
ပေးနိုင်စွမ်းခဲ့သည်။ မြေအိုး၊ သဲအိုးထဲမှ အေးမြသောရေနှင့် ရေခဲစိမ်ထားသော ပုလင်းများထဲမှာ
ရေတို့၏ တုံ့ပြန်မှုသည် ကိုယ်ခန္ဓာအပေါ်တွင် သက်ရောက်မှု များစွာ ကွာခြားကြပါသည်။
အကြောင်းပြခြင်း အမျိုးမျိုးတို့ကြောင့် မြေအိုး သဲအိုးတို့ဖြင့် တင့်တယ်သော ရေချမ်းစင်များ
တဖြည်းဖြည်း တိမ်ကောသွားခြင်းသည် စိမ်းလန်းအေးမြမှု တစ်ခု ပျောက်ရှသွားခြင်းပင်ဖြစ်ပါသည်။
ကျွန်မအဖို့အတွက်တွင်မူ အခြေအနေပေးလျင် မြေအိုးသဲအိုးကလေးများ၏အောက်တွင်
စပါးပင်ကလေးများခင်းထားသော ရေချမ်းစင်ကလေးများကို တည်ထားနိုင်ရန် ကြိုးစားပါဦးမည်။
မိတ်ဆွေ သူငယ်ချင်းများကိုလည်း အားပေးပါဦးမည်။
ပျိုးယုဝသုန်
12:36:46 PM
05-11-2012
Monday( BNE)
4 comments:
မမ၀သုန်ဆန္ဒတွေအမြန်ဆုံးပြည့်ဝပါစေနော် ။လွင်ပြင်တို့
လဲ ရေချမ်းစင်လေးဆောက်နိုင်အောင်ကြိုးစားရအုံးမယ်
နွေရာသီ နေပူပူထဲတွင် သဲအိုးထဲမှာရေချိုမြမြ ၏ အရသာသည် သံမဏိစည်များ၊ ရေသန့်ကော်ဗူးများထဲမှ ရေနွေးနွေးတို့ထက် အဆပေါင်းများစွာ သာလွန်စွာပင် အေးမြမှုကို ပေးနိုင်စွမ်းခဲ့သည်။
အရမ်းကောင်းပါတယ် မမ၀သုန်ရေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဟုတ်တယ် မမ၀သုန် အဲလိုရေချမ်းစင်ကရေကိုတောင်မသောက်ရတာကြာပေါ့...နှစ်ဆယ်နဲ့ချီပေါ့
မရဲ့ရေချမ်းစင်လေး လာဖတ်သွားတယ်မရေ..
ရင်ထဲမှာ အေးချမ်းသွားလိုက်တာ..
အိမ်မှာတော့ သဘာဝရေပဲ ညလေးကသောက်တယ်
ရေခဲသေတ္တာကိုလေ အကြောင်းမရှိပဲမကိုင်ဘူး
အဲလောက်ထိ...:P
ချစ်တဲ့.မိုးနတ်
Post a Comment