နန်းမြိုင်နဲ့ပြင်ဦးလွင်၊ ပြင်ဦးလွင်နဲ့နန်မြိုင်..၊ ခွဲခြားမရတဲ့
ပြယုဂ်တစ်ခုပါပဲ။
ကျွန်မ ၁၉၉၉ နဲ့ ၂၀၀၀ ၂နှစ်ဆက်တိုက် ပြင်ဦးလွင်ကို အလုပ်ကိစ္စတွေနဲ့
ရောက်တယ်..။ မိတ်ဆွေတွေအိမ်မှာတည်းခိုဖို့ကလည်း အားနာတော့ သူတို့က နေရာထိုင်ခင်းကောင်းမွန်တဲ့
တည်းခိုဆောင်တစ်ခုကို စီစဉ်ပေးတယ်။ အခန်းတွေကလည်းကောင်း၊ နေရာခြံဝင်းကလည်းအကျယ်ကြီးဆိုတော့ကာ တကယ်ကိုနှစ်သက်စရာပေါ့..။ ကိုယ့်အခန်းထဲမှာတင် ဧည့်ခန်းသတ်သတ် အိပ်ခန်းသတ်သတ်ဆိုတော့ ပိုကောင်းတယ်..။ မွေးမေမေ ကတော့ သဘောကျတာပေါ့လေ..။ ပန်းကလေးတွေကလည်း အနွယ်လိုက်လေးတွေနဲ့ရောင်စုံ..။ ကိုယ်တွေယူတဲ့အခန်းက အဆောက်အဦ တစ်ခုလုံးမှာ ၄ခန်းပဲ ပါတယ်..၊ နာမည်တော့ မမှတ်မိတော့ဘူး..၊ အဖြူရောင် အဆောက်အဦကြီးပဲ။
နေ့ပိုင်းဆိုတော့ ဟိုသွားဒီသွားနဲ့မသိသာပါဘူး။ ချမ်းအေးအေးနဲ့ မုန့်စားလိုက် ၊အပင်တွေလိုက်ကြည့်လိုက်၊ ဂေါက်သီးကိုတုတ်နဲ့ရိုက်လိုက်နဲ့ ပျော်စရာ..။ ညကျတော့လည်း တနေ့လုံး သွားထားလာထားနဲ့ ပင်ပန်းပြီး အိပ်... ဟဟ.. ၊ မနက်လင်းခါနီးမှ စတွေ့တာပဲ..။ ယူထားတဲ့အခန်းက အပေါ်ထပ်မှာ။ ရေချိုးခန်းပြတင်းတံခါးတွေက အမြင့်ကြီးတွေ၊ ဘယ်သူမှ အပြင်က လာဖွင့်လို့မရဘူး၊ မနက်၎နာရီခွဲလောက်နိုးလာတာနဲ့ရေချိုးခန်းထဲဝင်တော့ ပြတင်းတံခါးက ပွင့်နေတယ်။ ညကသေချာပိတ်တယ်ဆိုတာ သေချာပေမယ့် မားသားများဖွင့်လိုက်သလား ဆိုပြီး ပြန်ပိတ်လိုက်တယ်။ ဂျက်တွေကလည်း ခိုင်ခိုင်မာမာပါပဲ၊ သေချာဂျက်ကိုပြန်ချပြီး အေးအေးနဲ့ စောင်ထဲဝင်ခွေပြီး စာဖတ်နေလိုက်တယ်။
လူ့စိတ်ဆိုတာကလည်းပြောရခက်သားပဲ၊ တခုခုရဲ့လှုံ့ဆော်မှုကြောင့် လားမသိ၊ ရေချိုးခန်းထဲကို ၀င်မိပြန်တယ်..လက်က ပိုဟပ်နံ့လိုလို ရတာနဲ့ဘေဇင် မှာ လက်ဆေးရင်း ပြတင်းပေါက်ကိုကြည့်မိတော့ ပွင့်နေပြန်တယ်။ ဟမ်.... တခုခုတော့လွဲနေပြီလို့ထင်မိတယ်။ ဒါနဲ့ တံခါးနှစ်ခုလုံးကိုသေချာ ပြန်ပိတ်ပြီး ချက်ကို သေချာကျမကျ စစ်ပြီး ပြန်ထွက်ခဲ့တယ်..။ မားသားကတော့ လူကြီးဆိုတော့ အေးအေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာပေါ့။ ကိုယ့်မှာသာ အဲ့ဒီ ပြတင်းပေါက်နဲ့အလုပ်တွေများနေတာ။
နောက် နာရီဝက်လောက်နေတော့ ထပ်သွားကြည့်မိတယ်..။ အဟိ .. ပြန်ပွင့်နေတယ်.. ။ ဒီတခါ အပြင်တံခါးကပွင့်နေတာ..။ဒါနဲ့ပြန်ပိတ်ဂျက်ပြန်ချနဲ့ ရေချိုးခန်းထဲ ၀င်လိုက်ထွက်လိုက်လုပ်နေတဲ့ အသံကြားလို့လား မသိ၊ ဘေးကုတင်မှာ အိပ်နေတဲ့မားသားက နိုးလာတယ်။ မနက်လည်း ၆နာရီ ကျော်နေပြီလေ။ ပြီးတော့ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်သွားလေရဲ့။ ရင်တထိတ်ထိတ်နဲ့ ဘာများပြောမလဲလို့ စောင့်နေတုန်း မားသားက ပြန်ထွက်လာတယ်။
“ဒီလောက်အေးရတဲ့အထဲ ညည်းမို့ ပြတင်းပေါက်တံခါးဖွင့်ထားတယ်”တဲ့
မေမေ့ကိုတော့ ဘာမှ ပြန်မပြောဖြစ်ပေမယ့် မနက်စာ စားရင်း မိတ်ဆွေတွေကို တိုးတိုး တိတ်တိတ်ပြောပြတော့ နန်းမြိုင်က ဒီလိုအကြောင်းလေးတွေ ရှိတယ် ဆိုပဲ၊ ဘွတ်ကင်လုပ်တုန်းက အခန်းတွေပြည့်နေလို့ ဒီအခန်းကို ယူလိုက်တာတဲ့လေ... သေရော..။ မမြင်မကြားရလို့ တော်သေးတယ်၊ ပြတင်းပေါက်လေးကိုပဲဖွင့်ဖွင့်သွားလို့။ နောက်ရက်ကျတော့ နောက်အခန်းကို ပြောင်းပေးပါတယ်..။နောက်အခန်းကတော့ အေးအေးဆေးဆေးပါပဲ... ပြတင်းပေါက်ကို ဘယ်သူမှ လာမဖွင့်ဘူးပဲ ...။ မေမေကတော့ အခန်းတွေဟိုပြောင်းဒီပြောင်းလုပ်လို့ “ညည်းကိုက ဂျီးများတယ်” လို အဆိုခံရသေးတယ်... တော်သေးတယ်... သူမသိလို့ ...
ပျိုးယုဝသုန်
၀၄-၀၅-၂၀၁၂
ခေတ္တ(BNE)
3 comments:
တော်သေးတာပေါ့ပြတင်းပေါက်ပဲလာဖွင်ခဲ့လို့
လူကိုပါထိပ်လန့်အောင်မလုပ်ခဲ့တာပဲသူ့ကိုကျေးဇူးတင်ရမယ်
ကျွန်တော်ကြုံတာကတော့
ဂန္တမာမြိုင်မှာဂျ့ဟီးးးးး
ပြင်ဦးလွင် အမှတ်တရပါပဲ
သတိရသွားပြီ နောက်နေ့
post ရေးပြီးတင်မှပဲ
ဂျက်မကျ.. လေတိုက်လို့ နေမှာပါ.. နောက်တစ်ခုက ပတ္တာချောင်နေလို့.. အဲလိုတွေပဲ ဖြစ်မှာပါ..
Post a Comment