Saturday 14 May 2011

တစ်ရံတစ်ခါဆီသို့








မောင် ” ..ဆိုတဲ့ စကားလုံးတစ်ခွန်းကို လှလှပပ ခေါ်ဆိုဖို့ ဘ၀မှာ တစ်ကြိမ်တခါ က အိပ်မက်မက်ခဲ့ဖူးပါတယ် အိပ်မက် မက် ရမှာကို ကြောက်တတ်တဲ့ ကျွန်မဟာ ဒီအိပ်မက်ကို ကာလရှည်အိပ်မက်အဖြစ် မက်ဖို့ တိတ်တဆိတ် ဆုတောင်း ခဲ့ဖူးပေမယ့် ကံအကြောင်းမလှစွာဘဲ ကျွန်မရဲ့ ဆုတောင်းတွေက မပြည့်ခဲ့ပါဘူးမောင် အပြစ်ရယ်လို့ ဘယ်သူ့ ကိုမှ တိတိကျကျ တင်လို့မရပေမယ့် ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကိုတော့ မကျေနပ်ဘူး ထို့အတူဘဲ ကျေးဇူးလည်း တင်ခဲ့ပါတယ်..



အချစ်နဲ့ဘ၀ ဆိုတာကို အဓိပ္ဗါယ်ဖွင့်ဆိုဖို့ ချစ်သူတစ်ယောက်ရှိခဲ့ပေမယ့် ဘာသာပြန်ကြတဲ့ အခါ နားလည်မှု အယူအဆ နဲ့ အဓိပ္ဗါယ် ကောက်ယူကြပုံ မတူကြတာမို့ ကိုယ့်လမ်းကိုယ်ဆက်လျောက်ကြဖို့ သဘောတူညီမှုယူကြရင်း အချိန်အတန်ကြာသည်အထိ အချစ်ဆိုတာကို ကျောခိုင်းထားခဲ့တယ်၊ ချစ်ခြင်းဆိုတဲ့ စာလုံးပေါင်းကို သတ်ပုံမှန်အောင် မပေါင်းနိုင်တာ နှင့် အမျှ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာဗေဒ တစ်၇ပ် ကို လေ့လာဖို့ နောက်ထပ် မကြိုးစားတော့ဘဲ သာမန်လူ့ဘောင်ပတ်ဝန်းကျင်မှာ ကျင်လည်ပျော်မွေ့ရင်း မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဘ၀ကို ကျေနပ်စွာ လျောက် လှမ်းခဲ့တဲ့သူက ကျွန်မပါမောင် အနှောင် အတည်း ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် တည်တည်ငြိမ်ငြိမ် ရပ်တည်နေတဲ့ ကျွန်မဘ၀ထဲကို မမျှော်လင့်ဘဲ မဖိတ်ခေါ်ဘဲ လူသားတစ်ဦး ၀င်ရောက်လာခဲ့တဲ့ သူကတော့ မောင် ပေါ့၊ တွေ့ဆုံခြင်း ဆိုတာ ခွဲခွါဖို့ ဖြစ်လာတာပါ ဆိုတာ ကို သီအိုရီ တစ်ခုအနေ နဲ့ အခြားတပါးသောသူ တို့ကို ဆရာလုပ်ပြီး သောက ဆိုတာကို ပြေလျော့အောင်ကူညီခဲ့ပေမယ့် ကိုယ့်အတွက်တော့ ကိုယ် ဒီစကားကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်မနေ သေးတာကို နောက်ကျပြီးမှသိခဲ့ရတယ် .. အချိန်တွေ က လွန်သွားခဲ့ပြီဘဲ မောင် ..

မည်သူတစ်ဦးတစ်ယောက်ကိုမှ ဘယ်လို ကြိုးနဲ့မှ ချည်နှောင် မထားချင်တဲ့ ကျွန်မ ဟာ မောင့် အပေါ်မှာ ငင်မိတဲ့ကြိုး ကို ( မောင် မရစ်ပတ်မိအောင် )ဖြည်လျှော့ပေးဖို့ကြိုးပမ်းရင် ကိုယ့်ကိုယ် ကို တုတ်နှောင် နေမိခဲ့ပြီဆိုတာ ကို သိရချိန် မှာတော့ ဘာမှလုပ်လို့ မရအောင်ကိုကြိုးထုံးတွေက ခိုင်မာနေခဲ့ပြီ၊ တကယ်တော့ တွေ့ဆုံခဲ့တဲ့ အချိန်ကာလလေးဟာ တကယ်မှ တကယ့် ကို တိုတိုလေးပါ ဒါပေမယ့် ရစ်နှောင်မိတဲ့ ကြိုးတွေကတော့ ဖြည်မရအောင် အထပ်ထပ်ဖြစ်ခဲ့ တယ်၊  ရှည်လျားထက်မြ တဲ့ ဆူးတစ်ချောင်း ရင်မှာဆူးခဲ့ပြီ ဆိုတာ သိသိချင်း ဒီဆူးကို ပယ်ဖို့ကြိုးစားပေမယ့် ထိတ်လန့်စွာ သိလိုက်ရတာ က အဲဒီဆူးဟာ ကန္တာရ ဆူးလို ဆူးမျိုး ဖြစ်နေခဲ့တယ် ဆိုတာပေါ့၊  

မထူးဆန်းလှတဲ့တွေ့ဆုံမှုနဲ့ ဆုံတွေ့ခဲ့ပြီး ရင်နှီးခဲ့ကြပေမယ့် ထူးဆန်းလှစွာနှလုံးသားရဲ့ နေရာတစ်ခုကို ယူသွားတာ ကတော့ မောင် တော်လို့လား ကျွန်မကဘဲညံ့ဖျင်းလို့လားဆိုတာ အဖြေမရှာချင်ပါဘူးမောင်၊  ကျွန်မတို့ကြားမှာ ဘယ်သူမှ ရှုံးဖို့ မလို သလို ဘယ်သူမှလည်း အနိုင်မယူချင်ခဲ့ကြပါဘူး Professional အသက်မွေးဝမ်းကြောင်းမှု ပုံစံကွဲပြားပေမယ့် ကျွန်မတို့နှစ်ယောက်လုံးမှာ တူညီတဲ့ ၀ါသနာလေး တခု ရှိကြတယ်လေ၊ ဒီဝါသနာကြောင့်ဘဲ မောင်နဲ့ ကျွန်မ တွေ့ဆုံခဲ့ကြတာပေါ့၊ မောင်ရေးပေးတဲ့ မှတ်စုတိုကလေးတွေကို ဖတ်ရင်းဝေဖန်ရင်း အိပ်မက် ကမ္ဘာက နိုးထဖို့ မောင့် ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမယ့် ကျွန်မ ကိုယ်တိုင်ကတော့ အဲဒီအိပ်မက်တွေထဲမှာ နစ်မှန်းမသိ နစ်နေခဲ့တယ် အိပ်မက်တွေလား လက်တွေ့ဘ၀တွေလားဆိုတာကို မဝေခွဲဖြစ်အောင်ကို အိပ်မက်နဲ့ လက်တွေ့ဘ၀ ကဆင်ဆင်တူနေခဲ့တာကိုး ကျွန်မအတွက်ပြောတာပါ၊

သူငယ်ချင်းတစ်ယောက်ကိုကိုယ့်ထက် ဆယ်နှစ်နီးပါးကြီးတဲ့ သူတစ်ယောက် ကို မောင် လို့ ခေါ်မယ်ဆို ဘယ်လိုထင်နိုင်မလဲလို့ မေးကြည့်တော့ သူငယ်ချင်းကနင် အိပ်ရာက နိုးလာတာလား အိပ်ရေး၀၀ အိပ်ရရဲ့လားလို့ပြန်မေးလာခဲ့တယ်၊ ဟုတ်တယ်နော် မောင် .. တကယ်လည်း အိပ်မက်လိုဖြစ်နေတာကိုး

ကိုယ် မင်း ကို သိပ်ချစ်နေမိပြီဆိုတဲ့ စကားနဲ့တကယ်တော့ ကိုယ်ဟာ မလွတ်လပ်တဲ့ သူတစ်ဦးရယ်ပါ..လက်ထပ်ဖို့အတွက် စေ့စပ်ထားတဲ့သူလည်းရှိပါတယ်ဆိုတဲ့ စကား နှစ်ခွန်းကြားမှာ ကျွန်ရဲ့ အိပ်မက်ကလေး အပိုင်းပိုင်း အစစ ကွဲကြေသွားပါတယ်၊ တကယ်တော့မောင်ရယ် မတူညီတဲ့ဘ၀နှစ်ခုကျွန်မတို့နှစ်ယောက်ကြားမှာ ဖြစ်နေနိုင်တယ် ဆိုတာကို ကျွန်မ မေ့လျော့ နေခဲ့တာလေ..

 “ ဖျပ်ကနည်း မြည်တဲ့ အသံက တိုးတိုးလေးပါ ပဲ .. ဒါပေမယ့် ဖန်ခွက်လေး ကွဲသွားတယ် ဒီကိစ္စမှာဖန်ခွက်မှာလည်းအပြစ်မရှိပါဘူး ပူနေတဲ့ ရေနွေးမှာလည်း အပြစ်မရှိပါဘူး လောင်းထည့်တဲ့သူ (ကံကြမ္မာ) မှာလည်း အပြစ်မရှိပါဘူး အကြောင်းနဲ့ အကျိုးက တိုက်ဆိုင်သွားတာကိုး နော်

ထွက်ပေါက်မရှိတဲ့သူတစ်ယောက်လို ဖြစ်နေခဲ့တဲ့ မောင့် ကိုကြည့်ရင်း အတွင်းကြေ ကြေခဲ့ရတာ ကကျွန်မပါမောင်၊ မောင့် အတွက် ထွက်ပေါက် တစ်ခုကို အလျင်အမြန်စီစဉ်ပေးနေစဉ်မှာဘဲ အဲဒီထွက်ပေါက်ဟာ ကိုယ့်နှလုံးသားကို ဖောက်ထွက်သွားတဲ့ ထွက်ပေါက်တစ်ခုဖြစ်နေခဲ့တယ် ဆိုတာသိလိုက်ပါတယ်၊ ဒါပေမယ့် ကျွန်မ နောင်တ မရခဲ့ပါဘူး မောင်၊ ရိုးသားစွာဖွင့်ဟ ၀န်ခံခဲ့တဲ့ မောင့်ကို ကျေးဇူတင်မိပါတယ်၊ အစွန်းအထင်းမရှိဖြူစင်ခဲ့တဲ့ မောင့်ရဲ့နာမည်ကို ဆက်ပြီး အစွန်းအထင်း မရှိစေချင်တာကကျွန်မ ရဲ့စေတနာ အစစ်ပါ၊  မောင့်ရဲ့မိသားစု ဘ၀လေးကို အလှပဆုံး ဖြစ်အောင် မောင်ဖန်တီးပါ၊ ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ မောင်တည်ထောင်မယ့် မောင့်ဘ၀ရဲ့ အိမ်ထောင်ဖက်အပေါ် တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက် အနေနဲ့မောင့် ကို ကျွန်မ မြင်ချင်ပါတယ်။ ကတိစကားတစ်ခွန်းကို  ကျွန်မ အတွက်ကြောင့်မပျက်စီးစေချင်ပါဘူးမောင်

ဘယ်လိုမှ မခံစားရဘူးတဲ့လား ..ဟန်ဆောင်ပြီးများပြောနေလေသလားဆိုတဲ့ မောင့်ရဲ့စကားကို မဖြေခဲ့တာကိုတော့ မောင်နားလည်မယ်ထင်ပါတယ်၊ မောင် .. တခါတလေမှာ တချို့စကားတွေဟာ မပြောတာ ပိုကောင်းပါတယ်မောင်၊ ဒါကလည်းမောင့်အတွက် ဆိုတာ မောင် နားလည်မှာပါ

ကျွန်မကတော့ မောင်ပေးခဲ့တဲ့နင့်နင့်သည်းသည်း ချစ်တယ်ဆိုတဲ့ စကား တစ်ခွန်းနဲ့ အချိန်တော်တော်ကြာသည် အထိ အတူတကွရှိဖြစ်နေဦးမှာပါ အချစ် ဆိုတာ တကယ်တော့ ကျွန်မ အတွက် မစားကောင်းတဲ့ သစ်သီးတစ်လုံးပါ နောက်ထပ်တစ်ကြိမ်အချစ်ဆိုတဲ့ စကားလုံးကို မှန်အောင်ပေါင်းဖို့ ကျွန်မ အချိန်တော်တော်ကြာကြာယူရဦးမယ် .. ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ အတွက် သိပ်ကို ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေလို့ပေါ့မောင်

ဒီနေ့မနက်မှာတော့ ကောင်းကင်ဟာ တိမ်ကင်းစင်ပြီး ကြည်ကြည်လင်လင်ပါဘဲ မောင်ပြောတဲ့ အဆုံးအစ မရှိတဲ့မိုကောင်းကင်အောက်မှာ မောင်ရောကျွန်မရောရှိနေကြပါတယ် ကျွန်မတို့ နှစ်ယောက်ကြားမှာ မိုင်ပေါင်းများစွာ ကွာဝေးနေပေမယ့် တိုးတိုးလေးခေါ် လိုက်တဲ့ မောင့် အသံကိုကြားရလောက်အောင် မောင့်အနားမှာ ကျွန်မရဲ့ စိတ်ဝိဥာဉ် ရှိနေတယ်လေ

မောင့်ရဲ့မင်္ဂလာပါ … ”  ဆိုတဲ့စကားလေး ကျွန်မ အတွက် အမြဲရှိပါစေ မောင်

မောင့်ရဲ့ မနက်ဖြန်တွေကို ပျောက်ဆုံးမသွားအောင် ကြိုးစားပါ

ကျွန်မအတွက် မောင်ဖန်ဆင်းပေးထားတဲ့ အိမ်လေးကို မောင်စိတ်မကြည်လင်တို်င်းသွားပါ ..  ကော်ဖီခွက်လေး တစ်ခွက် မောင့်အတွက် ရှိနေပါလိမ့်မယ် ၀မ်းနည်းစရာအနည်းအကျဉ်းရှိနေကောင်းရှိနေနိုင်ပေမယ့် ပူလောင်ခြင်းတွေ မရှိမှာကတော့ သေချာပါတယ်မောင်

မောင့်ရဲ့ ရင်ခုန်သံတွေလည်း ဆက်လက်အသက်ဝင်နေပါစေ

မှာနေကြ စကားလေး ပြောရဦးမယ်

အိမ်ပြန်ရင်ကာင်းကောင်းပြန်ဦးနော်

လမ်းမှာလည်းဂရုစိုက်ပါ .. 

အတွေးတွေမများနဲ့ဦးလို့ လည်း ထပ်မှာချင်တယ် ..

ပြီးတော့ .. မောင့် ကို . . . . . . . . . . . . . . . . . . .xxxxx


ပျိုးယုဝသုန်


No comments: