Monday, 12 December 2011

ကြွေလွင့် သီးကင်း

လူတို့ရဲ့ဘဝ
ဘယ်ကစလဲဆိုတာတော့
ကျွန်တော်မသိဘူးပေါ့ ..အမေ ..
ကျွန်တော်ကတော့လေ
ရေစက်တွေထဲက
အမှိုက်တစ်စဘဝနဲ့
မေ့ရဲ့ဝမ်းကြာတိုက်ကို
သိမ်းပိုက်ခဲ့လိုက်တာပေါ့ …
အားရှိမယ့်အစာအာဟာရတွေနဲ့
နွေးထွေးကျွေးမွေးခဲ့တဲ့အမေ
အမေ့ကိုဂရုစိုက်တဲ့အဖေ
ဒီလူသားနှစ်ယောက်ရဲ့ကြားမှာ
ကျွန်တော်လူဖြစ်လာရတာ
ကျွန်တော်ကံကောင်းတာပေါ့ …
ဒါပေမယ့်တစ်နေ့
မမျှော်လင့်တဲ့တစ်နေ့
ကျွန်တော်မယုံကြည်တဲ့တစ်နေ့မှာ
အမေနဲ့ အဖေဆိုတဲ့
ကျွန်တော့ရဲ့မိဘနှစ်ပါး
ကျွန်တော့အားပြစ်ထားခဲ့ကြတယ် …
ငြူစူတဲ့အမေနဲ့
မကြည်ဖြူတဲ့အဖေတို့ရဲ့ကြားမှာ
ကျွန်တော်ဟာသားကောင်ဖြစ်
စွန့်ပစ်ခြင်းခံခဲ့ရတယ် …
လူမမယ်တဲ့ဘဝနဲ့
ကျွေးမွေးခြင်းမဲ့
နွေးထွေးခြင်းမရှိတဲ့
လမ်းတစ်ခုရဲ့တစ်နေရာမှာ
ကျွန်တော်တမ်းတမိတာက
နွေးထွေးလုံခြုံတဲ့
အမေ့ရဲ့ရင်ခွင်ပါ အမေ …
ဒါပေမယ့်လည်း
ရနိုင်ခဲတဲ့ဘဝတစ်ခုအတွက်
နှုတ်ဆက်ခွင့်ပြုလိုက်ပါတော့ .. အဖေ  …
အခုတော့လည်း
အလာတုန်းက ဘဝ
အမှိုက်တစ်စအနေဖြင့်
လေနှင်ရာကိုလွင့်မြော
ကျွန်တော်လေ ..
ခေါ်သူမျှော်လိုက်ဦးမယ် အမေ …

ပျိုးယုဝသုန်
(ရန်ကုန်)


ကျွဲုခတ်ရာတွင် မြေစာပင်ဖြစ်ခဲ့ရသော ကလေးငယ်များ အတွက် ရည်စူးပြီး ဒီကဗျာလေးကို ရေးခဲ့ပါတယ် ...း(

ချစ်သူရဲ့ ညနေ


တိမ်တောက်လို့နေညို
လ၀န်းပျို ဟိုအရှေ့က
ပြုးံ၍ကြိုဆို ..

မိုးမညို
ရောင်ရွှမ်းစို တိမ်ဖြူလှိုင်း
ပတ်သိုင်းကာလွှာခြုံဆိုင်းတယ်
ည ညနေပိုင်း …

ခြယ်မှိုင်းတဲ့ပုဇွန်ဆီ
ချုပ်ညရီနေ၀င်တိမ်းမှာ
ယိမ်းနွဲ့ပလီ ..

ညနေရီ
ကူညီပါ့ညီထွေး
နှမပျိုချစ်သူလေးကို
တွေ့ရဖို့အရေး .. 

ပျိုးယုဝသုန်
12:35:34AM
09-12-2011
Friday (BNE)

Thursday, 8 December 2011

မိုး အလင်္ကာ




မိုညိုလို့မိုးမပြို
မိုးပိုလို့ကဲ
မိုးမဲတိမ်မာန်ကိုဝင့်
မိုးလွင့်မှာပဲ…
မိုးသောက်လို့မိုးမခေါင်
မိုးမှောင်လို့သည်း
မိုးစဲနေတိမ်ကိုလွှင့်
မိုးပွင့်ဝေဆဲ …
မိုးမည်းလို့ရွာပါစေ
မိုးလေကိုအဖော်ထား
မိုးသားကြားစေ ..
မိုးတွေလည်းစွေ
မိုးလေမှာမာန်အဆင်း
မိုးမင်းသူပျော်လို့
မိုးညို့ကာအဗ္မုန်ခတယ်
မိုးလ၀ါပဲ …

ပျိုးယုဝသုန်
09:17:18 PM
08-12-2011
Thursday (BNE)


မိဘ၊ လူငယ်နှင့် ယဉ်ကျေးမှု




ညီမလေးရေ ..
မကြာသေးခင်ကမှအမိမြန်မာပြည်ကနိုင်ငံခြားတိုင်းပြည်ကိုထွက်လာခဲ့တဲ့ညီမလေးကိုပြောချင်တာလေးတွေနဲနဲတော့ရှိတယ် ကွယ့်၊ ဆောင်ရန်ရှောင်ရန်ဆိုပြီး သင်ကြားပြသတာမဟုတ်ပေမယ့်ညီမလေးလည်းသိသင့်သိထိုက်တာလေးတွေကိုပြောချင် တာပါ၊

မနေ့ကတော့ မြန်မာပြည် နယ်မြို့လေးတွေက အိမ်တွေလို ၀ရံတာ ကြီးကြီး နဲ့ ရေနံဝ နေတဲ့အိမ်တွေနဲ့တူတဲ့ အိမ်တွေ Wavell Heights ဆိုတဲ့ ရပ်ကွက်ထဲမှာတွေ့ခဲ့တယ် ၊ သစ်ပင်ကြီးတွေ ၀ိုင်းနေတဲ့ အဲဒီအိမ်ကြီးကိုကြည့် ပြီးမြန်မာပြည်ကို အရမ်းသတိရ မိတယ် ၊ စိန်ပန်းနီပင်တွေနဲ့ ပြည့် နေတဲ့လမ်းဟာ မြန်မာပြည်လိုပါဘဲညီမရေ ။

Wednesday, 7 December 2011

ချစ်ခြင်းနဲ့အတ္တ



“ကိုကိုကျွန်မကိုချစ်ရင်အဲဒီတစ်ယောက်နဲ့ အဆက်အသွယ်မလုပ်ပါနဲ့ စကားမပြောပါနဲ့”

“ခင် ..ကိုယ့်ကိုချစ်တယ်ဆိုရင် ဒီလို အလှတွေမပြင်ပါနဲ့..”

“….ချစ်တယ်ဆိုရင် ဆေးလိပ်မသောက်ပါနဲ့ ..”

“……..  ချစ်တယ်ဆိုရင် အရက်မသောက်ပါနဲ့ …”

“….  ချစ်တယ်ဆိုရင် ကွမ်းမစားပါနဲ့ ..”

“…..  ချစ်တယ်ဆိုရင်  သီချင်းမဆိုပါနဲ့”

“…….  ချစ်တယ်ဆိုရင် ဓါတ်ပုံ မရိုက်ပါနဲ့ ..”

“ …..  ချစ်တယ်ဆိုရင် ……………… ပါနဲ့ ”

ဒီလို စကားတွေကို ပတ်ဝန်းကျင်မှာနေ့စဉ်နှင့်အမျှကြားနေရတာနှစ်ပေါင်းအတော်ကြာခဲ့ ပါပြီ.. ချစ်တယ်ဆိုရင် ဟိုဟာ မလုပ်ပါနဲ့ ..ချစ်တယ်ဆိုရင် ဒီဟာ မလုပ်ပါနဲ့ဆိုတဲ့စကားကိုမိန်းကလေးတွေသာမကယောက်ျားလေးတွေပါဖောဖောသီသီသုံးနေကြတာကိုလည်းတွေ့ မြင်လာခဲ့ရတဲ့နောက်ပိုင်း ချစ်တယ် ဆိုတဲ့ စကားလုံးကလေးဟာ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးကိုတားမြစ်ဖို့အသုံးပြုရာစကားတစ်ခွန်းများဖြစ်နေလေပြီလားလို့သံသယ ၀င်လာခဲ့ရတယ်..တကယ်တော့မိမိရဲ့အတ္တကိုအရောင်တင်ဖို့ဆိုရင် ချစ်တယ် ဆိုတဲ့စကား တစ်ခွန်းကိုအသုံးပြုဖို့မသင့်ပါဘူး..

Monday, 5 December 2011

အိပ်မက်မြို့မှ သည် …..

တွေ့ဆုံခဲ့ရတဲ့အချိန်လေးဟာ တခဏလေးပါဘဲ.. မထင်မှတ်လောက်အောင်နစ်ဝင်ချစ်ခင်မြတ်နိုးမိတာ ကတော့ ပြုခဲ့ဖူးတဲ့ ကံအကျိုးဆက်တွေကြောင့်လား .. ဒါမှမဟုတ်လည်း ဘ၀ ဘ၀ တွေကတောင်း ခဲ့ဖူးတဲ့ ဆုတောင်တွေကြောင့်လားဆိုတာ မခန့်မှန်းနိုင်တော့ပါ..  ဆုံတွေ့ခြင်းတခဏမှာ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်နူးပျော်ရွှင်ခဲ့ကြတာ လင်း မမေ့နိုင်ဘူးဆိုတာယုံကြည်သလိုကျွန်မ လည်း ဘယ်လိုမှ မေ့မရဘူးဆိုတာယုံကြည်ပေးပါ.. အလုပ်ချိန်နဲ့ အိပ်ချိန်ကလွဲလို့ အမြဲအတူတူ ရှိနေခဲ့ကြတဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့အချိန်လေးတွေဟာ ဘာဖြစ်လို့များ လျင်မြန်စွာကုန်ဆုံးသွားရ တာလဲ .. လင်း ရေ..တကယ်တော့ ကျွန်မတို့နှစ်ယောက်ဟာ အိပ်မက်မက်သလို တစ်ခဏကလေးသာ တွေ့ခဲ့ကြပေမယ့် အိပ်မက်ထဲကလူသားတွေမဟုတ်ခဲ့ကြပါဘူးနော် ..

မမ နှင့် SilkAir & Singapore Air Line

BNE ကို ဗုဒ္ဓဟူးနေ့ မနက်မှာsilk air line ကလေယာဉ်နဲ့ပြန်လာခဲ့တယ်..Singapore Air Line ကိုစီးဖူးတာ ဒီတစ်ခါပထမဆုံးပဲ .. လေယာဉ်ပေါ်ရောက်တော့ ကျွေး တာက အီတလီခေါက်ဆွဲနဲ့ထမင်းတဲ့..ဒါနဲ့ထမင်းပဲစားမဟဲ့လို့ယူလိုက်တော့ စပြီး ၅ပါး မှောက် တော့တာပေါ့..ထမင်းက အုန်းထမင်းဖြစ်နေရော .. ဒါနဲ့မထုးတော့ပါဘူးဆိုပြီးပါတဲ့ ကြက်သားလေး၃ခုနဲ့အရွက်ပြုတ်လေးပဲအားပေးလိုက်ရတာပေါ့..လိမ္မော်ရည်လေးနဲ့ဆို တော့လည်းမဆိုးပါဘူးလေ..ကော်ဖီလေးတော့တောင်းသောက်လိုက်တာပေါ့ ..ဘေးကအ တူထိုင်နေတဲ့အဒေါ်ကြီးကတော့ Tiger Beer ကိုရေနွေးကြမ်းထင်ပြီးတောင်းလိုက်တယ် ပြီးမှာ Beer ဖြစ်နေမှန်းသိတော့ သူ့ခင်မျာ ဘာလုပ်ရမှန်းမသိနဲ့တော်တော် အူတူတူဖြစ်နေ ရှာတယ်..နောက်မှ မထူးဘူဆိုပြီးဘေးက သူ့ခင်ပွန်းကိုပေးလိုက်ရော .. အန်ကယ်ကြီးခင် မျာလည်းတစ်ခွက်ကို မနည်းကုန်အောင်သောက်နေရရှာတယ်.. သူတို့ရဲ့ Personger card  ကို ကူဖြည့်ပေးရင်း နဲ့ ကြည်အေးရဲ့မောင် ကိုကို နဲ့မြနန္ဒာ ကိုဖတ်လာခဲ့တာ SG ရောက်ခါနီးတော့ပြီးသွားရော…

မျဉ်းပြိုင်များရဲ့ဆုံမှတ် ..ဘယ်မှာ

မမျှော်လင့်မထင်မှတ်ဘဲ တိုက်မိခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက် .. မင်းလည်းဘာမှ မဖြစ်ဘူး.. ကိုယ် လည်းဘာမှမဖြစ်ဘူး..ဒါပေမယ့် ရင်ဘတ်တွေတော့ ကွဲသွားတယ် ..

ပိုးစုန်းကြူး ( ကလေးကဗျာများ - ၈)

ပိုးစုန်းကြူး ပိုးစုန်းကြူး
တောင်ပံဖြန့်လို့ သူပျော်မြူး
ပိုးစုန်းကြူးတို့ပျော်စံရာ
ညရဲ့မှောင်ကမ္ဘာ
အလင်းရောင်ကိုနောက်မှာထား
ညပိုးကောင်လေးများ…

ပျိုးယုဝသုန်
11:46:25
19-11-2011
Sunday( YGN )

နွေဝင်္ကပါ

မျက်ရည်တွေနှင့်
ငိုကြွေးရသည် …
ချစ်သူနှင့်လည်း
ဝေးခဲ့ရပြီ …
ဘ၀တစ်ကွေ့
စအတွေ့တွင်
ထားရစ်တွယ်ငင်
သံယောဇဉ်လည်း
ဖြတ်ထားခဲ့ခြင်းခံခဲ့ရပြီ  …

ပိတောက်တွေလည်း
ဝေခဲ့ရပြီ …
ရွက်ဝါတွေလည်း
ကြွေခဲ့ရပြီ …
တမ်းတမျှော်မှန်
ရော်ရမ်း၍လည်း
ချစ်သူရှိရာ
သြော် ..တမ်းတသည် …

နွေဦးကိုလည်း
ချစ်ခဲ့ကြသည်  ..
နွေလကိုလည်း
မုန်းခဲ့ရပြီ  …
နွေဦးမှာဆုံ
ရင်တစ်ခုန်လည်း
နွေလမှာပဲ
လွဲခဲ့ရသည် …

သြော်  …
နွေဦးနွေဦး
ရူးရမလောက်
အသည်းပေါက်ပြီ
နွေလရောက်လျင်  ..ငိုချင်သည်  …

ပျိုးယုဝသုန်
(ရန်ကုန်)

လောကအလှများ


ရောင်နီပျိုးစ
လင်းအံကျသည့်
နံနက်လင်းစ
ကြည့်မ၀  …

နှင်းဥဖြူလွ
နေခြည်ခသည့်
နံနက်အလှ
ကြည့်မဝ  …

ဆည်းဆာအလှ
နေပြန်ကျသည့်
ညနေအလှ
ကြည့်မဝ  …

လမင်းသာစွ
အဆင်းလှသည့်
ည၏အလှ
ကြည့်မဝ …

ရှုမဝ
လောကအလှ
တုမရသည့်
သဘာဝ၏အလှများ …

ပျိုးယုဝသုန်
(ရန်ကုန်)

ပျောက်ဆုံးခြင်း


ညအတွက်
လှပတဲ့ကဗျာတစ်ပုဒ်
ရေးထုတ်ဖို့အားခဲ
ဒါပေမယ့်လည်း မရခဲ့ပါလားကွယ်  …
လမိုက်ရဲ့ည
ညမိုက်ရဲ့လမှာ
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ်လိုရှုပ်ထွေး
ခေါင်းထဲကအတွေးလည်း
ပရစ်အော်သံနှင့်ရောခဲ့ပြီ  ….

ပျိုးယုဝသုန်
04:08:55 AM
03-11-2011
Thursday ( နေပြည်တော် )

ဆောင်းမနက်



ဝေလီဝေလင်း
လေညင်းမှုန်မှုန်
မုတ်သုန်ပြန်ပြောင်း
သည်ဆောင်းအ၀င်
မနက်တွင်မှ
ပျပျဖွေးဖွေး
နှင်းစက်လေးသည်
လင်းကာလက်ကာ
ပုလဲပမာ ..

ပျိုးယုဝသုန်
(ရန်ကုန်)

နေရာဟောင်းအတွက် အတ္တ

ဘ၀ဆိုတာ
ဘာမှန်းငါမသိပါဘူး
ဒါပေမယ့်ငါ့အသိ
ငါ့စိတ်မှာရှိတာက
ငါမြတ်နိုးရာ
ငါ့ကမ္ဘာပေါ့ …

ကူမာမိုတိုအိုဆာကာ
ဘယ်နေရာမှ
ငါမသွားချင်လှပါဘူး
ငါချစ်တာကမြန်မာ
သို့မဟုတ်
ရွှေရည်လွှမ်းတဲ့ကမ္ဘာ  …
ငါမြတ်နိုးတဲ့နေရာ
ငါပျော်မွေ့တာမဆန်းပါဘူး
ဒါ ..ငါရူးတာမှမဟုတ်တာ  …

အတ္တကိုလွန်ဆွဲ
အပွဲပွဲနွဲပြီး
အစွဲတွေကိုလက်မလွှတ်
မချွတ်တမ်းယှဉ်ပြိုင်
နောက်ဆုံးဘယ်သူနိုင်သလဲ …

အရာဝတ္ထုအတွက်အတ္တ
စိတ်တစ်ခုရဲ့အစ္ဖျတ္တ
ကမောက်ကမတွေဖြစ်
ဒါပေမယ့်ငါ့ချစ်တာက
ငါ့ရဲ့အဟောင်းကမ္ဘာ
ပြီးတော့  …
ငါ့ရဲ့မြန်မာ …

ပျိုးယုဝသုန်
(ရန်ကုန်)

သောက ခရီးသည်


တိမ်ညိုမှိုင်းစဉ်
လေပြည်ဝင်ကာ
ပြာရည်ရွှန်းလက်
ကောင်းကင်ထက်တွက်
တိမ်မင်အုံ့ဆိုင်း
မှုံရည်မှိုင်းပြီ
ခရီးဘယ့်နှယ်ဆက်ရမည် …
ရောင်နီလာနိုး
သူမျှော်ကိုးကာ
ကမ်းပါးနှင့်ချောက်
မှောင်နောက်နောက်ထဲ
ဖြတ်ဖို့ခဲခက်
သောကစွက်ပြီ
အိုဘယ့်သောကခရီးသည် …

ပျိုးယုဝသုန်
(ရန်ကုန်)

ပန်းတစ်ပွင့် အကြောင်း

မမျှော်လင့်ပဲ
လရောင်နှင့်ပန်း
တွေ့ထိကျွမ်းခဲ့တယ် ..
ဒီလိုနဲ့
ပန်းကလေးလေ
လွမ်းရင်လည်းလွမ်းနေမယ်
နွမ်းရင်လည်းနွမ်းနေမယ်
ကျွမ်းလောင်နေတဲ့နှလုံးသားနဲ့
လရောင်ကိုမျှော်
ရော်ရမ်းမှန်ဆ နေခဲ့တယ် …

ပျိုးယုဝသုန်
(ရန်ကုန်)

ဒုတိယမ္ဗိ နုပျိုခြင်း


ဘဝတွေအိုအို
အိမ်အိုအိုမှ
အဖအိုနှင့် အမိအို …
ဇရာရဲ့အရေး
ကောက်ကြောင်းလေးတွေနဲ့ပြည့်နှက်
မျက်နှာပြင်ထက်ဝက်မှာ
လတ်ဆတ်တဲ့အပြုံးများ
သမီးနဲ့သားအတွက်
နုပျိုခြင်းတွေစွက်နေတယ် ..

ပျိုးယုဝသုန်
၂၇-၁၁-၂၀၁၀
(ရန်ကုန်)

ကြယ်ကြွေည

ညတစ်ည
မှိုင်းပျပျည
ပြိုးပြိုးပျက်တဲ့ည
ငါပိုင်ဆိုင်လိုလှသည်  …

လရဲ့ည
လင်းလက်တဲ့အလှ
ရှင်းသန့်တဲ့ည
ငါ .. ပိုင်ဆိုင်လိုလှသည် …

ည ..
တဖြည်းဖြည်းနဲ့ရင့်ရော်လာ
မဟူရာအမှောင်ကြီးစိုး
လ လည်းအနောက်သို့တိုးလေပြီ …

ရုတ်တရက်
ဖြတ်ကနဲလင်းလက်
မကြည့်ရက်မှိတ်ထား
ငါ၏မျက်ဝန်းများ …

ညအတွက်အလှဆင်
ကြယ်သခင်ကြွေဆင်း
ဘဝအတွက် အလှဆင်
ဆရာသခင်ကြွေဆင်း
မယုံကြည်ခြင်းအလယ်မှာ
အို ..ငါ
နှမြောတသ .. ယူကြုံးမရ  …

ပျိုးယုဝသုန်
၆-၀၂-၁၉၉၆

ပုံရိပ်မဲ့ အိပ်မက်ရဲ့နေရာ

နေရာ
အဖြေရှာရခက်တဲ့
ငါ့ရဲ့ နေ့ညတွေ  ...

မြေကမ္ဘာ
ယူဇနာထောင်ချီရှိပေမယ့်
တစ်နေရာစာ
သည်မြေမှာမရှိပါဘူး
ရပ်ရဲဖို့ခက်လှတယ် ...

နွယ်ပမာ
တွယ်တာမယ်စိတ်ကူး
ကြည်နူးမှုနဲ့ရွှင်ပျ
ဘဝရဲ့ခဏတာ
အိပ်မက်ကမ္ဘာကနိုးရပြီ ... 

အမှတ်တ၇ရက်စွဲ
နေ့အလွဲ ညအလွဲမှာ
ကွဲကွဲပြားပြားနဲ့
မှားပြီးရင်းကို မှားခဲ့တယ် ...

မရှိတဲ့နေရာအတွက်
အိပ်မက်ကိုအမှန်ထင်
စိတ်ဓါတ်ကိုပြန်ပြင်ဖို့
အိပ်စက်ခြင်းကိုစတေး
ငါလေ  ...
ခပ်ဝေးဝေးက နေတော့မယ် ... 

ပျိုးယုဝသုန်
12:01:46 AM
7-11-2011
Monday ( YGN )

မိုးမျှော်တေး ဆိုကြသူ

နွေရဲ့အညှိုး
ဆထက်တိုးယင်း
အင်းအိုင်စိမ့်စမ်း
ခြောက်သွေ့ခမ်းအောင်
အမုန်းမုန်တိုင်း ဆင်ခဲ့သည် ...

ညှိုးလျော်သွေ့ခြောက်
ပင်ခြေအောက်မှာ
ခက်မာအက်ကွဲ
မြေဆိုင်ခဲလည်း
မိုးကိုမျှော်၍ နေခဲ့သည်  ....

အုံးအင်မြည်ကြွေး
ဖားငယ်လေးလည်း
မိုးပြေးတစ်ပေါက်
သူလာရောက်ဖို့
သံကုန်ဟစ်လို့ ခေါ်ခဲ့သည်  ...

ငါလည်းအတူ
နွေလိုပူတဲ့
အမုန်းရဲ့မီး
တောက်လောင်ငြီးသည်
ငြိမ်းအေးမိုးစက် မျှော်ခက်ပြီ ...

ပျိုးယုဝသုန်
10:10:56 PM
27-10-2011
Thursday (BNE)