Thursday 26 July 2012

မြင်းမိုရ် ဖြိုတဲ့လက် မဖြစ်စေချင်





မိဘကျေးဇူး မြင်းမိုရ်ဦး၊ မြင်းမိုရ်ထက်မြင့်သော အစရှိသည်တို့ဖြင့် မိဘတို့၏ကျေးဇူးကို ပုံပမာ တင်ကြသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝ ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူရယ်လို့စမဖြစ်ခင် အချိန် အမိဝမ်းတွင်းမှာပင် မိခင်တို့သည် မိမိတို့၏ ကလေးငယ်တို့အတွက် အစားသောက် အနေအထိုင်မှ အစ လိုက်နာရမည်များကို မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ လိုက်နာ၍ ရှောင်ကျဉ်ရမည့် အရာများကိုလည်း မည်မျှပင် နှစ်သက်မက်မောစေကာမူ ရှောင်ကျဉ်ခဲ့သည်။ ရင်သွေးငယ်တို့ကို လွယ်ပိုးဖူးသော မိခင်ဟူသမျှသည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ မိမိတို့၏ သားသမီးများအပေါ်တွင် ကာကွယ်လိုစိတ်၊ စောင့်ရှောက်လိုစိတ်လည်းရှိကြသည်သာ ဖြစ်သည်။


လူသားတိုင်းတွင် မွေးမိခင်နှင့်မွေးဖခင်သည် တစ်ဦးတစ်ယောက်စီသာရှိသည်။ မိမိတို့ လူသားအဖြစ်သို့မရောက်ခင်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သော မိခင်တို့သည် ငွေကြေးအားဖြင့်လည်း ဝယ်ယူ၍ မရနိုင်ပေ။ ဆုံးရှုံးသွားလျှင်လည်း အစားထိုးရာအဖြစ် မည်ကဲ့သို့မျှ မရနိုင်သောသူများတွင် မိဘသည် အရှေ့ဆုံးမှ ပါဝင်သည်။ ငွေကြေး၊ စည်းစိမ်ချမ်းသာ နှင့် ဥစ္စာဓန ကို အကြောင်းပြု၍ မိမိ ၏ မိခင်ကို စွန့်ပစ်ခြင်းမှာမူ ဘာသာတရား အရတွင်သာမဟုတ် လူမှုယဉ်ကျေးမှုအရပါ မလုပ်သင့် မလုပ်ထိုက်သော အကြောင်းအရာသာ ဖြစ်သည်။

Monday 23 July 2012

အိမ်နီးချင်း


ကြက်၊ ငှက်၊ ငါး၊ ခွေး
သည် အိမ်ဘေး
လူ လည်း ဆဲရေးတတ်သေးသည်။



ကလေးက သုံး
ခွေးက သုံး
ကြက်ငှက် စုရုံး ငြီးလှသည်။



ကော့ကဒူးသံ
တညံညံ
အိပ်ရန်ခက်ခဲလှတော့သည်။



အိပ်စပျော်စဉ်
အော်သံဝင်
ညစဉ်ညတိုင်းနိုးရသည်။



ရဲကိုတိုင်မည်
စိတ်မှာတည်
သနားသည်ကြောင့်ခက်လှပြီ။



စာနာစိတ်လေး
ဒင်းတို့မွေး
လူရေးနားတော့လည်သင့်သည်။



ပျိုးယုဝသုန်
7:17:45 PM
23-07-2012
Monday (BNE)

Sunday 22 July 2012

တိမ် ကဗျာ




တိမ်တောင် တိမ်လိပ်
တိမ်အရိပ်နှင့်
တိမ်ခိုး တိမ်ပြာ
တိမ်အလွှာတို့
တိမ်သားမို့မောက်
တိမ်ရောင်တောက်သည်
တိမ်ပန်းချီထက်ကောင်းကင်မှာ ..။


ပျိုးယုဝသုန်
7:35:16 PM
22-07-2012
Sunday (BNE)

Friday 20 July 2012

မျက်နှာများဆီသို့


မနေ့ မနေ့တွေက
တွေ့ခဲ့ရတဲ့မျက်နှာတွေ
မိုးတိမ်ပမာ ရွေ့လျား
ဘယ်ဆီကိုများ သွားလဲကွယ်။

တကယ်ပါ
ဟိုနေရာတွေ့နိုးနိုး
ဒီနေရာတွေ့နိုးနိုးနဲ့
ထမင်းထုတ်တွေလည်း... သိုးခဲ့ပြီ။

မိုးတွေနဲ့အတူ
ကြွေခဲ့ရတဲ့မျက်ရည်တွေ
ဖြေမဆည်နိုင်သေးပါဘူး
ရာသီဘယ်လိုပြောင်းပြောင်းပေါ့..။



ပျိုးယုဝသုန်

ခေတ္တ (BNE)


ရေးထားတာတော့ ကြာပါပြီ .. FB မှာ တင်ပြီး ကိုယ့်Blog မှာကိုယ် ပြန်မတင်မိသေးတဲ့ကဗျာလေးပါ..။

Monday 16 July 2012

နွေဦး ပုံပြင်




ရော်ရွက်ဝါကြွေ
ခါနွေတပေါင်း
မဟောင်းပုံပြင်
လွမ်းရုံထင်သည့်
ကာလ ဘယ်မှာ ကုန်တော့မည်..။

ရည်မှန်း လန်းရွှင်
ပန်းတော်ဝင်ကို
လက်တွင်ခိုင်ခိုင်
ပိုင်မည့်အရေး
မျှော်ကာတွေးပြီး
ရင်ထဲနွေးမြ နေဖူးသည်။

ပျော်ခြင်းအုတ်မြစ်
ချရစ်ခိုင်စေ
လက်တွေမြံမြဲ
တူယှဉ်တွဲလို့
ပျော်ပွဲဝင်ဖို့ ပြင်ခဲ့သည်။

နှောင်းတမြည့်မြည့်
မေ့ပျက်မလွယ်
ဖျက်ပယ်ပစ်ချင်
စိတ်တွင်ဆန္ဒ
ထိုကာလ
ပွင့်စပန်းလေး ကြွေခဲ့ချိန် …။ 


ပျိုးယုဝသုန်
5:01:02 PM
16-07-2012
Monday (BNE)

Wednesday 11 July 2012

ရင်တွင်းဂီတ



စိတ်ကို စိတ်ချင်း
စိတ်အရင်းနှင့်
ရင်တွင်းဖွဲ့ဆို
သံစဉ်ချိုသည်
ကာရန်တူမှရမည်ထင်..။


ပျိုးယုဝသုန်
8:48:16 PM
11-07-2012
Wednesday (BNE)

Tuesday 10 July 2012

မာကျောခြင်း နောက်ကွယ်





ဘဝမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူမနဲ့ပတ်သက်ပြီး စိတ်မှာ အနာတရ မဖြစ်စေခဲ့ဖူးပါဘူး။ အထူးသဖြင့် သူမချစ်ရ၊ ခင်ရ၊ သံယောဇဉ်ကြီးရတဲ့သူတွေ အပေါ်မှာပေါ့။ အပြုအမူကြောင့်သော်လည်းကောင်း၊ အပြောအဆိုကြောင့်သော် လည်းကောင်း နစ်နစ်နာနာ ဖြစ်စေရအောင် တစ်ခါတစ်ရံမျှ မရည်ရွယ်ခဲ့ဖူးပါ။

သံယောဇဉ် အလွန်အမင်း တွယ်တတ်လွန်းသူဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိခဲ့ချိန်မှအစပြုပြီး ကိုယ်ချစ်ရသောသူများနှင့် ခပ်လှမ်းလှမ်းတွင်သာ နေထိုင်ခဲ့ပါတယ်။ ခွဲခွါခြင်းက ရရှိတဲ့နာကျင်ကြေကွဲမှုကို ဆယ်ကျော်သက်အရွယ် ငယ်စဉ်မှာ စတင်ပြီး ရရှိခဲ့တယ်။ အင်မတန်မှ ချစ်ခင်ရတဲ့ အဘိုးကို ရှင်ကွဲအဖြစ် စတင်ခွဲခွါခဲ့ရတယ်။ အဘိုးအရင်မဟုတ်ပေမယ့် အဘိုးအရင်းနှင့်မခြား ချစ်ခင်မြတ်နိုးရသောအဘိုး အဝေးတစ်နေရာကို ပြောင်းရွှေ့သွားချိန်မှာ တိတ်တဆိတ်နဲ့ ကြိတ်ပြီးငိုကြွေးခဲ့ဖူးပါတယ်။ ကလေးအရွယ် မိန်းကလေးတစ်ယောက်ဟာ သူမချစ်ခင်တဲ့ အဖိုးရှိရာကို လိုက်မသွားနိုင်ခဲ့၊ လိုက်မတွေ့နိုင်ခဲ့ပါဘူး။ မိခင် ဖခင်တို့ရဲ့ ချစ်ခြင်းကို ရရှိနေတဲ့ မိန်းကလေးဟာ သူမအဖိုးကို လွမ်းဆွတ်နေကြောင်း သူမရဲ့မိဘတွေကို လည်း ပြောမပြခဲ့ပါဘူး။ ထိုအချိန်မှ စလို့ ခွဲခွါခြင်းရဲ့ နာကျင်မှုတွေကို လက်ခံ ခဲ့ရတယ်။

Sunday 8 July 2012

တိတ်တဆိတ်




သေတမ်းစာတဲ့
မရေးလို့မဖြစ်
ရေးကိုရေးရစ်ရတော့မယ် ..။

ပိုင်ဆိုင်သမျှ
ဆန္ဒနဲ့အတွေး
ပေးချင်သူကိုပေးရစ်ပါ..။

ဆွေမျိုးညာတိ
အတိဒုက္ခရောက်သူကိုပေးမလား၊
ပေါက်ဖော်မွေးချင်း
မောင်ရင်းနှမကိုပေးမလား..။
သာသနာပြု
ဒါနကုသိုလ်စုမလား..၊
ပရဟိတအဖြစ်
သမစိတ္တ ချန်ရစ်မလား..၊
ဘာမှမရေး
ဘယ်သူ့မှမပေးဘူးဆို
နိုင်ငံ့ဘဏ္ဍာအောက်
အလိုအလျောက် ရောက်မတဲ့ ..။

ဒီလိုနဲ့တိတ်တဆိတ်
ညတွေလည်းမအိပ်သာ
စာရွက်ပေါ်က စာသား
တစ်ဦးတစ်ယောက် ကောင်းစားစေ…။

အချိန်မတန်ခင်
အိမ်ပြန်ရသူတစ်ဦး
နှုတ်မဆက်တော့ဘူးဆုံးဖြတ်တယ်..။



ပျိုးယုဝသုန်
3:48:17 AM
08-07-2012
Sunday ( BNE)




Friday 6 July 2012

အိပ်မက်ပျယ်ချိန်




ပျောက်ရှသွားတဲ့တစ်စုံတစ်ရာ
ပြန်ရနိုင်ဦးမှာလားဆိုတဲ့အတွေး
ခပ်ရေးရေးကလေးမျှ မတွေးချင်….

မနေ့ကဝင်သက် …
ဒီကနေ့ ဝင်သက်…
လတ်ဆတ်တဲ့လေထုထက်ဝက်မှာ
လိမ္မော်ရောင်တွေစွက်နေတယ်..။

ပြောင်းလဲခြင်း နိယာမ
သီအိုရီတွေ ချမပြပါနဲ့
လိုချင်တာက မနေ့က စက္ကန့်တွေ ..။

မြေဆွဲအားနဲ့ လဆွဲအားကြား
ဒီရေတက်ချိန်ခြားခဲ့တာ
ပညတ်တစ်ခုမဟုတ်ခဲ့ပါဘူး …။

နှုတ်ဖျားကစကားတစ်ခွန်း
နှလုံးသားကစကားတစ်ခွန်း
ညီမျှခြင်း အစွန်းမှာမထားလိုဘူး ..
ခြားနားခြင်း ကို ကြောက်လို့ပါ ….။



ပျိုးယုဝသုန်
6:12:26 AM
06-07-2012
Friday (BNE)

Thursday 5 July 2012

ရင်ခတ်ထူး


တစ်ပင်တည်း
ရင်ထဲထိရစ်ကာတွယ်
အပြစ်အနာရယ်မမြင်ရက်ပါဘူး
မေတ္တာမပြယ် ရင်မှာဖြစ်တည်တဲ့
ချစ်ခြင်းရဲ့ထူး ..



ပျိုးယုဝသုန်
11:58:45
03-07-2012
Tuesday(BNE)