Thursday 30 June 2011

မသိခြင်းများ







န့တစ်နေ့ ဘယ်ကစဖြစ်သလဲ


နေ့နဲ့ည ဘယ်က အရင်လဲ


ငှက်တွေအော်ကြတာ အစာမဲ့လို့လား


အိပ်တန်းဝင်ချိန်မှာ အသိုက်ပျောက်လို့လား


ခြိမ်းပြီးမရွာတဲ့မိုးကြောင့်စားစရာပျောက်သူတွေ


အသံမပေးဘဲရွာတဲ့မိုးကြောင့် ပြေးစရာပျောက်သူတွေ


ဘယ်သူတွေကအပူပိုများမလဲ


သစ်ခက်သစ်ကိုင်းတွေကြောင့် လျပ်စစ်ကြိုးတွေမှာအန္တရာယ်ရှိသတဲ့


ဒါဆို သစ်ပင်စိုက်ခဲ့သူတွေမှာ အပြစ်ရှိသလား


နားခိုရာမဲ့ခဲ့တဲ့ ငှက်တွေအတွက်


သစ်ပင်ခုတ်သူတွေမှာရောအပြစ်ရှိသလား


စိုက်သူ နဲ့ ခုတ်သူ ဘယ်သူကမှားတာလဲ


ပေးလိုက်တုန်းကတော့ ဆန်ကတစ်ခွဲ


ရရှိသွားတော့လက်တစ်ဆုတ်စာ


ယိုပေါက်များတဲ့လက်တွေအတွက်ဖာထေးစရာတွေရှာရဦးမယ် 


မွတ်သိပ်ခြင်းဆိုတာ ဆာလောင်ခြင်းမဟုတ်တာ သိရှိပြီးတဲ့နောက် အစာစားဖို့ စိတ်မပါတော့တာ အတော်ကြာခဲ့ပြီ


တည့်တည့်တော့ ကြည့်တာပဲ


ဒါပေမယ့် အားလုံးစောင်းနေကြတယ်


၂၃ ၁/၂ ဒီဂရီ ကြောင့်လား 


စောင်းပြီးကြည့်ဖို့လိုပြီလား


စောင်းကြည့်ဖို့ကြိုးစားရင်း လဲကျသွားခဲ့တာ သက်တမ်းထက်ဝက်ကျိုးခဲ့ပြီ ..  





ပျိုးယုဝသုန်

Tuesday 28 June 2011

ပေးစာ

တခဏပါဘဲ
စိတ်ထဲမှာ ကြာသည်ထင်ပါရဲ့
မမြင်တာရှည်ကြာခဲ့ရင်တော့
ဒီရင်မှာဗလာကျင်းမှာမို့
ကြယ်သခင်အစဉ်လင်းအောင်ပ
တိမ်ကင်းခွင့်ပြုလိုက်ပါ ..
ယောင်ခြာခြာတစ်ယောက်ထဲပေမို့
နောင်အခါ ပျော်ရွှင်ခွင့်တွေက
တိမ်မင်း သူ့လက်တွေထဲမှာပေါ့
သနားကာငဲ့ညှာပေးရင်ဖြင့်
ညအဆင်းကို တိမ်မဖုံးစေဖို့
လေမင်းအရှင် ကူညီပေးပါ
လွမ်းတတ်သူမို့ ..


ပျိုးယုဝသုန်

လွမ်းချင်း

ကင်းမဲ့ပူပင်
လွန်ပျော်ရွှင်တဲ့
ဟိုးအရင်လို
ကြည်လင်စိတ်လေး
ဘယ်ဆီပြေးလဲ ..
တွေးဆဲမရ
နွမ်းမောလျပြီ
မောင့်ကိုလွမ်းမိ
တုမရှိ ...


ပျိုးယုဝသုန်

ဆုတောင်းမှားခဲ့ကြသူများ





၁။

“ မြတ်လေးပန် ” တဲ့
နူးညံ့လှပတဲ့ အမည်ကို ပိုင်ဆိုင်သလို အပြစ်ဆိုဖွယ်ရာမရှိအောင် လှပတဲ့ အမျိုးသမီးလေး တစ်ယောက်
 သူငယ်ချင်းဖြစ်သူ သူရ ရဲ့မင်္ဂလာဧည့်ခံပွဲ မှာစတင်တွေ့ရှိခဲ့တယ်၊ မြင်လျင်မြင်ချင်း နှစ်သက်သဘောကျမိတာကြောင့် သူရကို မိတ်ဆက်ပေးခိုင်းတော့သူရရဲ့တအံ့တသြအကြည့်တွေကို ကျေကျေနပ်နပ်ကြီးလက်ခံရင်း မြတ်လေးပန် နဲ့ခင်မင်ရင်းနှီးခွင့်ကို ရအောင်ယူခဲ့တယ် ၊ တကယ်ပါ မြတ်လေးပန်.. ကိုယ့်ဘဝတစ်လျောက်လုံးမှာ ဘယ်မိန်းကလေး တစ်ဦးတစ် ယောက်ကိုမှအခုလို  ပြင်းပြင်းထန်ထန်သိချင်စိတ်မရှိခဲ့ဖူးပါဘူး.. ၊ ကံအားလျော်စွာဘဲ မြတ်လေးပန်ဟာ သူရရဲ့ အမျိုးသမီး ဝတ်ရည် ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကလေးဖြစ်လို့နေခဲ့တယ် ၊

ခေတ်သစ်နှိုးစက်

မိုးလင်းမနက်
နှိုးစက်နာရီ
တတီတီလို
နားစည်နှိပ်စက်
အအိပ်ပျက်အောင်
မနှိပ်စက်ဘူး...
အတွေ့နွေးနွေး
ဖွဖွမွှေးလို့
အိပ်စက်ခြင်းမှ နိုးစေမယ် ...  


ပျိုးယုဝသုန်

Wednesday 15 June 2011

အိပ်မက်စကား

ဖြေကြားသူမဲ့
နားဆင်သူမရှိတဲ့
စကား အမေးပေါ့ ..
ခိုမှီလိုတဲ့ ကျောပြင်အတွက်
သီအိုရီလိုမှာလား ....
စဉ်းစားကြည့်မိတော့
အပြင်းဖျားအသိတွေနဲ့
ခါးကျိနေခဲ့တယ်  ...
အတွင်းစကားပေါ့လေ
မင်း .. နားလည်မှလည်မယ်
ကြားရတဲ့တစ်ချက်
အသက်ရှူသံသဲ့သဲ့နဲ့
နွေးထွေးခဲ့တဲ့  .. ငါ့လက်တွေ
တည်မြဲနေစေဖို့အရေး
အိတ်ကပ်လေးကို ထားပေးပါ ..

ပျိုးယုဝသုန် 

Sunday 12 June 2011

အဝေးကကြယ်

မနေ့တွေက

ကြည့်နေကြ ကြယ်ကလေး 

ခုတော့  အဝေးကိုပြေးသွားပြီ ...  ..

ဝေးကွာခရီး

ဘယ်မနီးမှန်း

တွေးရမ်းကြံခက်

သိနေလျက်လည်း

စွဲမက်ကြည်ဖြူ

စဉ်ငေးယူတယ်

ကြယ်စင်သူလေး .. လင်းစဉ်မှာ ....

ခဏသာပဲ

ငေးနေဆဲမှာ

မိုးယံတိမ်ကြား

သူပျောက်သွားပြီ 

နွမ်းလို့ ကျွမ်းလင့်

အလွမ်းရင့် ...   ...  ..   


ပျိုးယုဝသုန်

Thursday 9 June 2011

ဧည့်သည်




လောကမှာမည်သူမဆို ရောက်တဲ့ နေရာ အသက်အပိုင်းအခြားတိုင်းမှာ ရင်ခွင် တစ်ခုကို လိုအပ်ကြ ပါတယ် ။  နွေးနွေးထွေးထွေးနဲ့ စိတ်ကိုလုံခြုံမှုပေးနိုင်တဲ့ ရင်ခွင်မျိုးပေါ့။